A d v e r t i s e m e n t With Us

ဆန္ဒပြကျောင်းသားများကို ဗင်နီဇွဲလား အမျိုးသားအစောင့်တပ် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် (ရုပ်သံ)

ဗင်နီဇွဲလား အမျိုးသားအစောင့်တပ်က ဆန္ဒပြကျောင်းသားတွေကို ဧပြီ ၁၀ ရက်နေ့မှာ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ သမ္မတ နီကိုလပ်စ် မာဒူရိုလက်ထက် ၃ နှစ်တာ ကာလအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုပြီး လှုပ်ရှားလာနေတာပါ။ မြို့တော် ကာရာကတ်စ်ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကို ဖယ်ရှားဖို့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ အမျိုးသားအစောင့်တပ်ကို တပ်ချထားတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ အရာရှိတွေကတော့ သူတို့ရှိရာဘက်ကို ကျောက်ခဲတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာကို ဒိုင်းတွေရဲ့ အကာအကွယ်အောက်ကနေ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတော်တရားရုံးချုပ်က အတိုက်အခံတွေ ခေါင်းဆောင်တဲ့ အောက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းပိုက်ဖို့ မတ်လနှောင်းပိုင်းက ဆုံးဖြတ်အပြီး နိုင်ငံတလွှား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အတိုက်အခံတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ သမ္မတလောင်း ကိုယ်စားလှယ်ကိုလည်း အရင်အပတ်က နိုင်ငံရေးကနေ ၁၅ နှစ် တားမြစ်ပိတ်ပင်ခဲ့လို့ ဒေါသထွက်ခဲ့ကြတာပါ။ တိုင်းပြည်တွင်းမှာ ရာခိုင်နှုန်း ရာချီနေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ အခြေခံကုန်စည် ပြတ်လပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ တရားရုံးချုပ်က ပြည်တွင်း ပြည်ပမှာ ပြစ်တင်ခံရဆုံး သူ့ဆုံးဖြတ်ချက်ကို အမြန် ပြန်ပြင်ခဲ့ပါတယ်။ လတ်တလောရက်တွေအတွင်း ကျောင်းသားအများစုဖြစ်တဲ့ ဆန္ဒပြသူ အယောက် ၂၀၀ နီးပါး အဖမ်းခံရပါတယ်။ အစိုးရကတော့ အတိုက်အခံတွေက နိုင်ငံခြားကျူးကျော်မှု ဝင်လာအောင် အခင်းအကျင်း ပြင်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up