အီဂျစ်တွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူများအတွက် ဈာပနအခမ်းအနား ကျင်းပ

ဓာတ်ပုံ - အီးပီအေ
439
အီဂျစ်နိုင်ငံ တန်တာမြို့မှာ ဧပြီ ၉ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ဈာပနအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
တန်တာနဲ့ အလက်ဇန်းဒရီးယားမြို့ ၂ မြို့က ခရစ်ယာန်ဘုရားကျောင်းနှစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အိုင်အက်စ်အဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အီစတာပွဲတော်မတိုင်ခင် တပတ်အလိုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီလထဲမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အီဂျစ်ကို လာရောက်လည်ပတ်ဖို့ ရှိပါတယ်။
ဒီတိုက်ခိုက်မှုဟာ လူနည်းစု ဘာသာဝင်တွေအပေါ် အိုင်အက်စ်အဖွဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်မယ်လို့ ကတိပြုထားတဲ့ သမ္မတ အယ်လ်စီစီအတွက်လည်း စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။
ပထမဗုံးဟာ တန်တာမြို့ စိန့်ဂျော့ခ်ျ ဘုရားကျောင်းအတွင်း ပေါက်ကွဲခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၂၇ ဦး သေဆုံးကာ ၇၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒုတိယဗုံးဟာ အလက်ဇန်းဒရီးယားမြို့ စိန့်မာ့ခ်ဘုရားကျောင်းကို ထိမှန်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။