Live
Home
မြန်မာသတင်း
ပြန်ကြားရေးဌာနနှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပူးပေါင်းပြီး မြိတ်တွင် ကလေးစာပေပွဲတော် ကျင်းပ
DVB
·
April 11, 2017
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းပြီး မြိတ်မြို့မှာ ကလေးစာပေပွဲတော်ကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့တော်များမှာ ကျင်းပနေတဲ့ ကလေးစာပေပွဲတော်ကို တနသာင်္ရီတိုင်းဒေသကြီးအတွင်းမှာ ကျင်းပနေတာပါ။ ပြီးခဲ့တဲ့တပတ်က တနင်္သာရီတိုင်းဒေသကြီး မြို့တော် ထားဝယ်မြို့မှာ ကျင်းပခဲ့ပြီး ဖြစ်ပေမယ့် ဧပြီလ ၁၀ ရက်နေ့က မြိတ်မြို့မှာ ထပ်မံကျင်းပခဲ့တာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူး ဒေါ်နီနီချိုက “အခု ကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ မြိတ်သားဖြစ်သူ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက မြိတ်သူ ဖြစ်တဲ့ ကျမကို ကလေးစာပေပွဲတော် ထပ်မံကျင်းပဖို့ အကြံပေးတဲ့အတွက် အခုပွဲတော်ကို ကျင်းပခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။ မြိတ်မြို့ ဦးမြတ်လေးပန်းခြံ ကလေးကစားကွင်းအတွင်းမှာ ကျင်းပခဲ့တဲ့ ကလေးစာပေပွဲတော် ကို ဒေသခံ ကလေးငယ်အတော်များများ စိတ်ဝင်တစား တက်ရောက်ခဲ့ပြီး ဝန်ကြီးဦးဖြိုးဝင်းထွန်းနဲ့ တာဝန်ရှိသူများက အခမ်းအနား ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးကစားကွင်းအတွင်း ကျင်းပတဲ့ စာပေပွဲတော်ကို တက်ရောက်လာတဲ့ ကလေးငယ်တွေကို ပညာရေးနဲ့ ပြန်/ဆက် ဝန်ထမ်းများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ပျော်ရွှင်စရာ ကစားနည်းများ ဖန်တီးပေးပြီး ဆုများပေးအပ်ခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်မြို့တို့မှာ ကျင်းပခဲ့ပြီးဖြစ်တဲ့ ကလေးစာပေ ပွဲတော်ကို ပြည်သူလူထု အထူးစိတ်ဝင်စားခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုက မြို့တော်တွေမှာလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ကလေးစာပေပွဲတော်ကို ခရိုင် မြို့ကြီးတွေမှာလည်း ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024