Home
မြန်မာသတင်း
မြတန်ဆောင်ဆရာတော်ကို လူဝတ်လဲပြီး စစ်တွေထောင်သို့ပို့
DVB
·
April 11, 2017
ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်ပွဲကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်ဆရာတော် ဦးနန္ဒာသာရကို ဧပြီ ၁၀ ရက်နေ့က လူဝတ်လဲပြီး စစ်တွေထောင်ကို  ပို့လိုက်ပြီလို့ သိရပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့တာကြောင့် မြောက်ဦးမြို့ ခမရ ၅၄၀ ကနေ အမှုဖွင့်တိုင်ကြားခဲ့ပြီး မြောက်ဦး မြို့မရဲစခန်းက ဆရာတော်ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းကို ဖမ်းဆီးလိုက်တာပါ။ စစ်တွေတရားရုံးမှာ စွဲချက်တင်လို့အပြီး ညနေ ၄ နာရီအချိန်မှာ စစ်တွေထောင်ကို လူဝတ်လဲပြီး ပို့လိုက်တာလို့ ၈၈ အကျဉ်းသားဟောင်း ကိုနိုင်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်တွေထောင်ကို ပို့လိုက်ပါတယ်။ မနေ့က စစ်တွေ တရားရုံးမှာ အမှုစွဲချက်တင်တယ်။ စစ်တွေထောင်ကို သွင်းတဲ့အခါမှာ ဆရာတော်ကို လူဝတ်လဲထားတာ တွေ့ရပါတယ်။ စစ်တွေ ထောင်ကို မြောက်ဦးကလာတဲ့ ရဲကားတစီး လုံခြုံရေးအပြည့်နဲ့ စစ်တွေထောင်ကို သွင်းလိုက်ပါတယ်။” သူတို့နှစ်ဦးကို အခုလို ဖမ်းဆီးလိုက်တာဟာ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပြီး ခမရတပ်ရင်း ၅၄၀ က အမှုဖွင့်တာကြောင့် ဖမ်းဆီးခဲ့တာလို့ မြောက်ဦးမြို့မရဲစခန်း စခန်မှူးက ဒီဗွီဘီကို ပြောပါတယ်။ အာဏာပိုင်တွေကတော့ ရက္ခိုင့်တပ်မတော်(အေအေ)အမည်ကို မသုံးစွဲဖို့ ၈ ရက်နေ့ ကတည်းက ဆရာတော်ကို ဖိအားပေးသလို ကျင်းပဖို့ စီစဉ်၊ စိုက်ထူထားတဲ့ ရက္ခိုင့်တပ်မတော်ပါ စာသားနဲ့ ဗီနိုင်းတွေကို ဖြုတ်သိမ်းခဲ့ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားပိုင်ခွင့်တွေကို ပိတ်လိုက်တာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ အကျဉ်းသားဟောင်း ကိုနိုင်နိုင်က ပြောပါတယ်။ “ရက္ခိုင့်တပ်မတော်နေ့ ထောက်ခံတယ်၊ ပွဲလုပ်တယ်ဆိုတာ လူတဦး တယောက်ကိုမျှ အနှောင့်အယှက်ပေးတာ မဟုတ်ဘူး။ အဲဒီလို လူဝတ်လဲလိုက်တာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါပဲ။ ပြောင်းလဲမှုမရှိသေးဘူးလို့ မြင်တယ်။ ဒီမိုကရေစီမရှိသေးတဲ့ မြန်မာနိုင်ငံလို့ မြင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို ပိတ်လိုက်တာ၊ ဒါက စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ ဖြစ်တယ်။” လက်ရှိမှာတော့ မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်ကြီးသင် ပညာရေး(ဘက)ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေ ၂၀၀ ဝန်းကျင်လောက် ပညာသင်ယူနေကြပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ကျောင်းဝင်းအတွင်း တေးဂီတတွေ၊ စာပေဟောပြောပွဲတွေ ပြုလုပ်ဖို့  ဆရာတော်က စီစဉ်ခဲ့တာဖြစ်ပြီး ပြည်သူလူထောင်ချီ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဆရာတော်ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းကို ပ-၄၄/၂၀၁၇ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ မြောက်ဦး ခမရ ၅၄၀ တပ်ရင်းမှ ဗိုလ်မှူးဦးဝင်းကျော်က တရားလိုပြုပြီး မြောက်ဦးရဲစခန်းကို တိုင်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကို လာမယ့်ဧပြီ ၂၄ ရက်နေ့မှာ ထပ်မံရုံးချိန်းထားတယ်လို့ သိရပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024