Live
Home
မြန်မာသတင်း
ကျောက်​မဲတွင်​ တပ်​မ​တော်​နှင့် တအာင်းတပ်ဖွဲ့တိုက်​ပွဲဖြစ်ပွား
DVB
·
April 10, 2017
  ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မန်စံရွာနဲ့ ပန်ကျန်ရွာလမ်းဆုံမှာ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ တာဝန်ရှိသူတဦးက “ကျနော်တို့က ပန်စံကနေ ဆင်းလာတာ။ မြန်မာ့တပ်မတော်ကတော့ ပန်ကျန်ကနေ တက်လာတာ။ အဲဒီ ၂ ရွာရဲ့ လမ်းခွဲရောက်တော့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပဲ။ တိုက်ပွဲကတော့ ၁ နာရီကျော်ကနေ ၃ နာရီကေ်ျာ ၂ နာရီဖြစ်တယ်” လို့ ပြောပါတယ်။ “တိုက်ပွဲကတော့ ဖြစ်တာ အတည်ပြုပါတယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုရှိနေတယ် ဆိုတာကတော့ ကျနော်တို့ ဖုန်းအဆက်အသွယ် မရသေးပါဘူး” လို့လည်း TNLA ပြန်ကြားရေးမှူး တာအိုက်ကျော်က ပြောပါတယ်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရ သေဆုံးသူဘယ်နှစ်ယောက်ရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် တီအန်အယ်လ်အေ ဝတ်စုံနဲ့ အလောင်း ၃ လောင်းကို တွေ့ရှိတဲ့အတွက်  ရွာသားတွေက သွားရောက် မြေမြှုပ်ပစ်ရတယ်လို့ ပန်စံဒေသခံတဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အတွက် ဒေသတ၀ိုက်က ကျေးရွာတွေမှာ  လက်ဖက်ခူးသွားသူတွေ ပြန်မလာရဲကြသူတွေလည်း ရှိတယ်။ “မနက် သွားတုန်းကတော့ ပလောင်စစ်သားရော ဗမာစစ်သားရော မရှိဘူး။ ထမင်းစားနားပြီး မကြာဘူး။ သေနတ်သံတွေ ကြားနေရတယ်။ ဖြစ်တာကလည်း အပြန်လမ်းမှာဆိုတော့ မပြန်ရဲဘူး။ ခု လက်ဖက်ခြံထဲမှာပဲ။ ၁၃ ယောက်ရှိတယ် ဒီမှာ" လို့ ပန်စံဒေသခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လည်း  ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်တို့က နမ့်ခမ်းမြို့နယ် မန်စပ်ရွာနဲ့ နမ့်စိမ်ရွာကြားမှာ တိုက်ပွဲတစ်ကြိမ်၊  မန်တုံမြို့နယ် နာအော်ကျေးရွာကြီးနဲ့ မန်မိုင်ရွာကြားမှာတကြိမ်  တရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ “လက်နက်ကြီးသံ စကြားတာက မနက် ၁၀ နာရီကနေစတာ။ ဘယ်နှစ်လုံးလဲ မသိတော့ဘူး အများကြီးပဲ။ ခဏတော့ တိုက်ပွဲဖြစ်တယ်။ နေ့လယ် ၁၂ နာရီ အထိပဲ။ ဖြစ်တာက ရွာရဲ့ အထက်ဖက်မှာဖြစ်တာ နည်းနည်းတော့ လှမ်းတယ်။” လို့ နမ့်ခန်းမြို့နယ် မန်စပ်ရွာ ဒေသခံတဦးက ပြောပါတယ်။ တပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှုကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ တီအန်အယ်လ်အေ ဘက်က ထုတ်ပြန်ထားပြီး ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်တော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သတင်း - နိုင်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024