Live
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် အလယ်တန်းကျောင်းခွဲဆောင်ဖျက်ရာ အုတ်နံရံပြိုကျပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
April 10, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် မကျီးအုပ်ကျေးရွာ အလယ်တန်းကျောင်းခွဲဆောင်ဖျက်ရာ အုတ်နံရံပြိုကျကာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။ ဝမ်းတွင်းမြို့နယ် မကျီးအုပ်ကျေးရွာမှာ အိုဟောင်းနေတဲ့ ၅ ပင် ၃ ပင်၊ အမြင့် ၁၂ ပေ တိုက်ကျောင်းဆောင်ကို ကျောင်းအကျိုးတော်ဆောင်များနဲ့ ကူညီသူ ၃၀ လောက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဖြိုဖျက်ကြရာ အက်နေတဲ့ နံရံပြိုကျလို့ ကိုခင်မောင်တင့် နေရာမှာပင် သေဆုံးပြီး ကိုမြင့်သိန်း ဒဏ်ရာရခဲ့တာပါ။ ဒုပညာရေးမှူး ဦးကျော်မြင့်က “ကျောင်းဆောင်က နှစ် ၃၀ ကျော်လောက် ကြာပြီပေါ့။ မကျီးအုပ် မူလတန်းကျောင်း စဖွင့်တာကတော့ ၂၇ နှစ်လောက်ရှိပြီ။ အိုနေလို့ ဝန်ကြီးဌာနက ဖျက်သိမ်းခွင့် ပေးထားတယ်” လို့ ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က ‘ရပ်ရေးရွာရေးဆိုတော့ ဝိုင်းလုပ်ကြတာပေါ့။ အုတ်နံရံ အက်နေတာကို မသိဘဲ ဖျက်လိုက်တာ။ အက်တဲ့အပိုင်းက ပြုတ်ကျတာ။ ခေါင်းပေါ် ကျတယ်။ တဦး သေပြီး တဦးကို ဝမ်းတွင်းဆေးရုံ ပို့ထားတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးချင်း ဟုတ်၊ မဟုတ် စစ်ဆေး အမှုဖွင့် ဆောင်ရွက်နေတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024