A d v e r t i s e m e n t With Us

မာရသွန် အပြေးပြိုင်ပွဲများစွာ ယှဉ်ပြိုင်နေဆဲ ၈၅ နှစ်အရွယ် အာဂဖွားဖွား (ရုပ်သံ)

မာရသွန်အပြေးသမားတဦးအတွက် သက်လုံကောင်းနေဖို့က အဓိကကျနေပေမယ့် အသက် ၈၅ နှစ်အရွယ် ဖွားဖွား ဒီရာဒရေလာခင် အတွက်ကတော့ အသက်အရွယ်ဟာ ကိန်းဂဏန်းတခုမျှသာပါပဲ။ ပြီးခဲ့တဲ့ ၄၅ နှစ်တာကာလအတွင်းမှာတော့ သူဟာ ကပွဲတွေမှာ စန္ဒယားပညာရှင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာမှ အပြေးအားကစားကို စတင်ခဲ့တာပါ။ ခုချိန်မှာတော့ ဖွားဖွား လာခင်ဟာ နှစ်စဉ် ပြိုင်ပွဲပေါင်း ၆၀ လောက်မှာ ပါဝင်ယှဉ်ပြိုင်နေခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပြီးဖြစ်တယ်လို့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ အသက်အရွယ်ကြီးမှ ခုလိုယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် ကမ္ဘာ့စံချိန်သစ်ပေါင်းများစွာ တင်ထားနိုင်ခဲ့သူပါ။ ဖွားဖွား လာခင်ဟာ သူ့ရဲ့ အသက် ၇၈ နှစ်အရွယ်မှာမှ အပြေးပြိုင်ပွဲတွေမှာ စတင်ပါဝင်ခဲ့ပြီး လေ့ကျင့်ခန်းတွေက သူ့ဘဝကို ပြောင်းလဲလာစေခဲ့တယ်လို့ ပြောပါတယ်။ တောင်အာဖရိကနိုင်ငံ၊ ကိပ်ပ်တောင်းမြို့မှာ နေထိုင်တဲ့ ဖွားဖွား လာခင်ဟာ လာမယ့် ၆ ကြိမ်မြောက် အိုလံပစ်မာရသွန် အပြေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေပြီး တပတ်ကို ၄ ရက်လောက် ပုံမှန်လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲပေါင်း ၆၀ လောက် ပါဝင်ယှဉ်ပြိုင်ကာ ရာနဲ့ချီတဲ့ ဆုတံဆိပ်တွေ ရရှိထားတဲ့ ဖွားဖွား လာခင်ဟာ ရန်ဒ်ဘာ့ဂ် ဟာရီယာစ် ပြေးခုန်ပစ်ကလပ်ရဲ့ တသက်တာ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ “အမေက အမြဲတမ်း စူပါဟီးရိုးတယောက်လိုပါပဲ။ သူဟာ စွမ်းရည်တွေကို ပိုပိုသာသာ ပြသနိုင်သူတယောက်ပါ။ အဲဒါတွေကြောင့်လည်း ကျနော့်ရဲ့အမေက သန်စွမ်း ကြံ့ခိုင်နေတာပါ” လို့ သားဖြစ်သူ ရစ်ချဒ် လာခင်က ပြောပါတယ်။ ဖွားဖွား လာခင်ကတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေထဲက Oceans Half မာရသွန်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂ ခု ရရှိထားခဲ့ပြီး ခု ၆ ကြိမ်မြောက်ကျင်းပမယ့် ပြိုင်ပွဲမှာတော့ တတိယမြောက် ဆုတံဆိပ် ရရှိနိုင်မယ်လို့ မျှော်လင့်နေတာပါ။ “ကျမ အခုနှစ်မှာ တတိယမြောက် ဆုတံဆိပ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကမ္ဘာလုံးက အကောင်းဆုံး အပြေးသမားတွေ လာပြိုင်ကြမှာဆိုတော့ နည်းနည်းတော့ သံသယဖြစ်မိတယ်။ ဒါပေမယ့် ကျမ အကောင်းဆုံးကြိုးစားမှာပါ” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up