လိုင်စင်မဲ့ကား စီနင်းသည့် ရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်တို့ကို အမှုဖွင့်အရေးယူ
DVB
·
April 10, 2017
လိုင်စင်မဲ့မော်တော်ယာဉ်တွေ လက်ဝယ်ထားရှိစီးနင်းနေတဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေ ရဲစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ ၂ ဦးကို သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ ၈ နဲ့ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ တောင်ငူခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းကို ဧပြီ ၈ ရက်မနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ စခန်းစစ်ရေးပြကွင်းဘေးမှာရပ်တန့်ထားတဲ့ စခန်းမှူး ရဲအုပ်နိုင်စိုးဦး ဝယ်ယူ စီးနင်းနေတဲ့ 2D/4048 ယာဉ်နံပါတ်တပ် Honda Stream အဖြူရောင် ယာဉ်နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမြင့်ဦး ဝယ်ယူစီးနင်းနေတဲ့ 5D/1851 နံပါတ်တပ် မတ်တူးအဖြူရောင် ယာဉ်တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
“အမှုဖွင့်ထားတာက ဟုတ်ပါတယ်။ ကျနော်က ညနေပိုင်းမှ ရောက်လာပြီး စခန်းမှူး တာဝန်ယူရတာပါ။ ပုဒ်မက ဇရပ်ကြီးနယ်မြေရဲစခန်း (ပ)၃၃/၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့ကလည်း ဝယ်ယူစီးနင်းတယ်ဆိုတာ ဝန်ခံတယ်လေ၊ အဲ့နေ့ထဲက ဒီမှာ အမှုဖွင့်တယ်။ သူတို့ကိုတော့ တောင်ငူမြို့မစခန်းမှာ ချုပ်ထားပါတယ်”လို့ လက်ရှိ ဇရပ်ကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်သောင်းကြည်က ပြောတယ်။
“ပို့သွင်း ၈ နဲ့ အရေးယူထားတာက တပိုင်းပေါ့နော်။ တပ်ဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဖို့ရာအတွက် လောလောဆယ် သက်သေခံအကျဉ်းချုပ် ရေးသွင်းတာတွေလုပ်ပြီး စစ်ဆေးနေတယ်”လို့ တောင်ငူမြို့နယ် တာဝန်ရှိ ရဲအရှာရှိတ ၁ ဦးက ပြောပါတယ်။
သတင်း - သားကြီး(တောင်ငူ)