A d v e r t i s e m e n t With Us

အီဂျစ်ဘုရားရှိခိုးကျောင်းတွင်း အသေခံဗုံးဖောက်ခွဲခဲ့သည့် ရုပ်သံဖိုင် ထုတ်လွှင့်

အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၉ ရက်နေ့ အလက်ဇန်းဒရီးယား ဘုရားရှိခိုးကျောင်းမှာ အသေခံဗုံးဖောက်ခွဲခဲ့တဲ့ဖြစ်ရပ် ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အသေခံဗုံးဖောက်ခွဲသမား အမျိုးသားဟာ အညိုရောင်ဂျက်ကက် အပေါ်ကနေထပ်ပြီး အပြာရောင်ဆွယ်တာကို လည်ပင်းမှာ သိုင်းချည်ထားခဲ့ကာ ဘုရားကျောင်းတွင်းကို ရိုးရိုးဂိတ်ဝင်ပေါက်ကနေ ဝင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် သူဟာ ဝင်ခွင့်မရခဲ့ဘဲ လုံခြုံရေးက စစ်ဆေးရေးစက်ကနေတဆင့် ဖြတ်ခိုင်းခဲ့ချိန်မှာ အသေခံဗုံးခွဲသမားက မဖြတ်ခင်မှာဘဲ ဖောက်ခွဲလိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အီဂျစ်နိုင်ငံ ဘုရားရှိခိုးကျောင်း ၂ ခုမှာ ဧပြီလ ၉ ရက်နေ့က အသေခံ ဗုံးဖောက်ခွဲမှု ၂ ခု ဆက်တိုက်ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ရတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။ အလက်ဇန်းဒရီးယားမြို့က စိန့်မာ့ခ်ခေါ့တစ်ပ်ဘုရားကျောင်း ပေါက်ကွဲမှုမှာ လူ ၁၃ ဦး သေဆုံးခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် နိုင်းမြစ်ဝှမ်းဒေသ တန်တာမြို့ စိန့်ဂျော့ခ်ျ ခေါ့တစ်ပ် ဘုရားကျောင်း ပေါက်ကွဲမှုမှာတော့ လူ ၂၉ ဦး သေဆုံးခဲ့ရတာပါ။ အီစတာပွဲတော်မတိုင်ခင် တပတ်အလို တနင်္ဂနွေနေ့မှာ အခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီး ဒီတိုက်ခိုက်မှု ၂ ခုလုံးဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ တိုက်ခိုက်မှု ၂ ခုလုံးမှာ လူပေါင်း ၁၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ အီဂျစ်နိုင်ငံမှာ ခေါ့တစ်ပ် ခရစ်ယာန်ဘာသာဝင် ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး သူတို့ကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သတိပေး ခြိမ်းခြောက်ထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ သမ္မတကို အီဂျစ်စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့အပြီး အစွန်းရောက် မွတ်စလင်တွေကို ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း ခရစ်ယာန်ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up