ဆီးရီးယားကို အမေရိကန်တိုက်ခိုက်မှု အကြမ်းဖက်သမားများ အောင်ပွဲခံနေဟု အီရန်`ပြော

559
ဆီးရီးယားလေတပ်အခြေစိုက်စခန်းကို အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ကို အကြမ်းဖက်တွေက အောင်ပွဲခံနေကြတယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရူဟာနီက စနေနေ့က ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံဟာ ဆီးရီးယားသမ္မတအာဆက်ကို အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံနဲ့ မဟာမိတ်ဖြစ်ပါတယ်။
သောကြာနေ့ မနက်ပိုင်းက အမေရိကန်ရဲ့ ဒုံးကျည် တိုက်ခိုက်မှုအတွင်း လူ ၆ ဦးသေဆုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစ်ဒလစ်ပြည်နယ်မှာ လူ ၈၉ ဦးသေဆုံးတဲ့ ဓာတုအဆိပ် တိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး နောက်တရက်မှာ အမေရိကန်က ဆီးရီးယားလေတပ်စခန်းကို ပစ်ခတ်ခဲ့တာပါ။
ဆီးရီးယားအစိုးရရော၊ ရုရှားနိုင်ငံတို့ကပါ ဓာတုအဆိပ်တိုက်ခိုက်မှုကို ငြင်းဆိုထားပြီး ရုရှားနိုင်ငံကတော့ သူပုန်တွေ သိုလှောင်ထားတဲ့ ဓာတုလက်နက်တိုက်ကို ထိမှန်ပေါက်ကွဲတာလို့ ပြောဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးလည်း မော်စကိုမြို့တော်ကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
အမေရိကန်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဆီးရီးယားမြို့တော်၊ ဒမတ်စကပ်မြို့တော်နဲ့ တခြားကမ္ဘာ့မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။