ခင်ပွန်းသေဆုံးကြောင်း ကြားဖြတ်သတင်းကို ကြေညာခဲ့ရသည့် ကြေကွဲဖွယ် အမျိုးသမီး (ရုပ်သံ)
Published By
DVB | 9 April, 2017
1K
0
Share
0
Comment
0
Likes
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗွီအစီစဉ်တခုမှာ ကားမတော်တဆမှု ကြားဖြတ်သတင်းတပုဒ် ၀င်လာပြီး သေဆုံးသူ ၃ ဦးထဲက ၁ ဦးဟာ သတင်းကြေညာသူ အမျိုးသမီးရဲ့ ခင်ပွန်း ဖြစ်နေတဲ့ ကြေကွယ်ဖွယ်ဖြစ်ရပ်တခု ဧပြီ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယသတင်းဌာန အိုင်ဘီစီ ၂၄ ရဲ့ သတင်းကြေညာသူ ဆူပရိ့တ်ကာဟာ ကားတိုက်မှုနဲ့ ကားတိုက်မှုအတွင်း ပါခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီး သတင်းအသေးစိတ်ကို သတင်းထောက်မှ ဖုန်းနဲ့ပြောစဉ် သူမရဲ့ဟန်ကို တည်တည်ငြိမ်ငြိမ်ထားခဲ့ရတာပါ။
သူမရဲ့ခင်ပွန်းဟာ သတင်းထဲမှာပါသလို အမျိုးအစားတူကားနဲ့ လမ်းတစ်လမ်းတည်းကိုပဲ မိတ်ဆွေ ၄ ဦးနဲ့ ခရီးထွက်ခဲ့တာပါ။ ဆူပရိ့တ်ကာဟာ ယာဉ်တိုက်မှုကြားဖြတ်သတင်း ကြေညာပြီးတာနဲ့ ၁၀ မိနစ်ကြာ အခြားသတင်းခေါင်းစဉ်တွေကို တည်ငြိမ်စွာ ပြီးဆုံးအောင်ဖတ်ခဲ့ပြီး ဧပြီ ၈ ရက် မနက်ပိုင်း သတင်းကြေညာမှုအဆုံးမှာတော့ သူမငိုချလိုက်တယ်လို့ ဟင်ဒူစတန်တိုင်းမ်စ် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမှန်တကယ်လည်း သူမသတင်းဖတ်နေစဉ် သူမအမျိုးသား သေဆုံးတာကို အကြီးတန်းဝန်ထမ်းတွေက သိနေပြီး အယ်ဒီတာတစ်ဦးက “သိနေပေမယ့် သူ့ကို မပြောခဲ့ဘူး၊ ပြောဖို့ သတ္တိမရှိခဲ့ဘူး” လို့ ပြောပါတယ်။
“သူမခင်ပွန်းရဲ့ကားဆိုတာ သူမက အာရုံသိစိတ်နဲ့ သိနေတာဖြစ်မယ် သတင်းကြေညာပြီးတော့ သူမဆွေမျိုးတွေကို ဖုန်းတန်းခေါ်တာပဲ” လို့ အယ်ဒီတာက ဖြည့်ပြောပါတယ်။
“အင်မတန် တည်ငြိမ်ရဲရင့်တဲ့အမျိုးသမီးပါ၊ သတင်းကြေညာသူ တစ်ယောက်အနေနဲ့ ကျမတို့ သူ့အတွက်ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီနေ့ဖြစ်တာက တကယ်ကို တုန်လှုပ်စရာပါ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။
သူမဟာ အိန္ဒိယအိုင်ဘီစီ ၂၄ သတင်းဌာနမှာ လုပ်သက် ၉ နှစ်ရှိပြီး သူမရဲ့ခင်ပွန်းနဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကမှ လက်ထပ်ထားတာလို့ မေရာရဲ့ ဧပြီလ ၈ ရက်နေ့သတင်းမှာ ရေးသားထားတာပါ။