အောင်ဝင်းခိုင်ကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အနီရောင်ကြေညာချက် ထုတ်ပြန်
DVB
·
April 9, 2017
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်နဲ့ ပစ်ခတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးမိရေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အနီရောင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ဂိတ် ၆ ရှေ့မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ကြည်လင်းက သေနတ်နဲ့ ပစ်သတ်ခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်းဟာ အမှုမှ ထွက်ပြေး တိမ်းရှောင်နေလို့ ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်မှာတော့ INTERPOL က အောင်ဝင်းခိုင်ကို အနီရောင်ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထားရှိကြောင်း သိရှိရပါတယ်။