မြင်းခြံမြို့ ယမုံနာမုန့်တိုက် မီးလောင်
DVB
·
April 8, 2017
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဧပြီလ ၇ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်က လျှပ်စစ်ရေနွေးပေါင်းအိုး တည်ထားရာက အပူလွန်ကဲ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ် (၈) ရပ်ကွက် (၁၇) လမ်း တိုက်အမှတ် (၁၀၈) နေထိုင်သူ ဦးအောင်မျိုးလတ် (ဘ) ဦးပြုံယမုံနာမုန့်လုပ်ငန်း အလျား ပေ (၆၀) အနံပေ (၅၀)ကွန်ကရစ်ခင်း အာစီတိုက် အတွင်းမှာ လျှပ်စစ်ရေနွေးပေါင်းအိုး တည်ထားစဉ် အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖစ်ကာ မီးလောင်ကျွမ်းခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို မြင်းခြံမြို့မှ မြို့သူ/သား များ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ မီးသတ်ဦးစီးဌာနတို့က မီးသတ်ကား (၁၈) စီးနဲ့ မီးငြိမ်းသတ်ပေးခဲ့ကြပြီး ည ၁၁နာရီ ၄၅ မိနစ် အချိန်မှာတော့ မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းစဉ်မှာ ဘေးပတ်ဝန်းကျင်တွေကို မီးကူးစက်သွားတာမျိုးမရှိပဲ ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။
ယမုံနာမုန့်တိုက်အတွင်းရှိ မုန့်ဖိုနှင့် စားစရာမုန့်တွေ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၅ သိန်းလောက် မီးလောင် ဆုံရှုံးသွားတယ်လို့ သိရပါတယ်။
မီးပေါ့ဆစွာ သုံးစွဲသူ ဦးအောင်မျိုးလတ်အား မြင်းခြံမြို့မ ရဲစခန်းမှ လ-၁၅၀၁၉၅ ဒု ရဲအုပ် မင်းဇော်က အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ )