Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ခြံစည်းရိုး ၇၀ ရာခိုင်နှုန်းထိ ပြီးစီး
နေဖြိုးဝင်း
·
April 7, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ခြံစည်းရိုး ၇၀ ရာခိုင်နှုန်းထိ ပြီးစီးသွားတယ်လို့ မနေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမတနှစ်ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးကပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကာခဲ့တာလို့ ဆိုပါတယ်။ နတ်မြစ်နယ်နိမိတ်က ကျယ်တဲ့အတွက် ဦးစားပေးပြီး ကာခဲ့သလို ခြံစည်းရိုးပျက်နေတာတွေကိုလည်း ပြန်ပြင်ထားတယ်လို့ ပြောပါတယ်။ “မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးကာတာ ၇၀ ရာခိုင်နှုန်းပြီးသွားပြီ။ ခြံစည်းရိုးအပြင် ကင်းလှည့်တဲ့ လမ်းကြောင်းတွေ၊ ကားလမ်းတွေပါ ဆောက်ထားပါတယ်။ ဘတ်ဂျက်ရရှိတဲ့အပေါ် မူတည်ပြီးတော့ အပေါ်ပိုင်းအထိ အိန္ဒိယနဲ့စပ်ဆက်တဲ့ နယ်နိမိတ်ထိ ကာသွားဖို့ ရှိပါတယ်။ အဓိကပြောချင်တာကတော့ အရေးကြီးတဲ့ တောင်ဘက်က အားလုံးနီးပါး ကာပြီးဖြစ်ပါ တယ်” လို့ ဦးချမ်းအေးက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းငါးနိုင်ငံမှာ နယ်နိမိတ်တိုင်းဖို့ကျန်တဲ့ မြန်မာ-အိန္ဒိယနဲ့ မြန်မာ-ထိုင်း နယ်နိမိတ်ကို နောင်လာနောင်သားတွေအတွက် အစိုးရသစ်လက်ထက်မှာ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ဒီနယ်နိမိတ်တွေ အားလုံးက အင်္ဂလိပ်လက်ထက်က လုပ်ခဲ့တာ။ လုပ်ခဲ့တော့ နယ်နိမိတ်က တိုင်းပြီးသားပါ။ နယ်နိမိတ်မရှိလို့ ပြဿနာဖြစ်နေတာမျိုးမဟုတ်ပါဘူး။ နယ်နိမိတ်က တိုင်းပြီးသား၊ စနစ်တကျ ပိုပြီးတော့ ခေတ်မီကိရိယာတွေနဲ့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် တိုင်းဖို့ လိုပါတယ်” လို့ ဒုတိယညွန် ကြားရေးမှူးချုပ်က ဆိုပါတယ်။ မြန်မာ-အိန္ဒိယနယ်နိမိတ် ထိစပ်မှုအရှည်ဟာ မိုင် ၁၀၀၀ လောက်ရှည်ပြီး တိုင်းတဲ့အခြေအနေမှာ ၈၀ ရာခိုင်နှုန်း ကျော်ပြီးသွားပြီလို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်နိမိတ်အရှည်ဟာ မိုင် ၁၃၀၀ ကျော်ရှည်ပြီး တိုင်းတဲ့အခြေအနေမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်လို့ ပြောပါတယ်။ ထိုင်းနဲ့နယ်နိမိတ်တိုင်းဖို့ ကောင်းကင်ဓာတ်ပုံရိုက်နေပါပြီ။ အောက်ခြေအစည်းအဝေးတွေ၊ အဆင့်မြင့်အစည်းအဝေးတွေ၊ နိုင်ငံတော်အဆင့် အစည်းအဝေးတွေကနေ သဘောတူညီချက်တွေ ယူပြီးတော့ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် အိန္ဒိယနဲ့ နယ်နိမိတ်တိုင်းတာဖို့ကိစ္စမှာ နှစ်ဖက် မြေကြီးအပေးအယူ လုပ်ဖို့ရှိတဲ့ဟာတွေကို အိန္ဒိယဘက်က အဆိုပြုချက်ကို စောင့်နေရပြီး ကွင်းဆင်းပြီး ဆက်ပြီးဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024