ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ဘယ်လို ပြင်ရပါ့မလဲ
DVB
·
April 7, 2017
“အသက်တရာ မနေရပေမယ့် အမှုတရာမက တွေ့တတ်တယ်” လို့ မြန်မာလူမျိုးတွေရဲ့ ဆိုရိုးစကားရှိပါတယ်။ အဲဒီလို ညည်းတွားလေ့ရှိသူတိုင်းရဲ့ စိတ်ထဲမှာ တရားရုံးကို အနိဋ္ဌာရုံလို ခံစားပြီး ရှောင်ရှားလေ့ရှိစမြဲပါ။ ဒါပေမယ့် တရားဥပဒေနဲ့ကတော့ အစဉ်အမြဲ ရှောင်ဖို့ခက်ပါတယ်။ မတတ်သာလို့ ရင်ဆိုင်ရတဲ့အဆုံး တရားမျှတမှုကိုတော့ ရယူလိုကြသူတွေချည်းပါပဲ။ ခေတ်အဆက်ဆက် ကာလအဆက်ဆက် လူတိုင်း တောင့်တခဲ့ကြတာက မျှတတဲ့ တရားစီရင်ဆုံးဖြတ်မှုပါ။
“တရားမျှတမှု ရှိ၊ မရှိ” လို့ ပြောလိုက်တာနဲ့ အတော်များများကတော့ အစိုးရတရပ်ကိုပဲ ငဲ့စောင်းကြည့်လေ့ရှိပါတယ်။ ဒါကလည်း အစိုးရတရပ်မှာရှိရမယ့် အင်္ဂါရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ အာဏာ ၃ ရပ်ကို ပိုင်စိုးထားမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
အာဏာ ၃ ရပ်ကို စီမံခန့်ခွဲရာမှာတော့ တရားစီရင်ခွင့်ဟာ လွတ်လပ်တဲ့ စီရင်ခွင့်ဖြစ်ဖို့ လိုအပ်နေပြန်ပါတယ်။ ဒီလို လွတ်လပ်တဲ့ စီရင်ပိုင်ခွင့်ရှိပါလျက်နဲ့ တရားရေးမဏ္ဍိုင် တိမ်းစောင်းနေပြီ ဆိုရင်တော့…။ ဒါဟာ လူကြောင့်လား၊ မူကြောင့်လားဆိုတာ စဉ်းစားဖို့ လိုလာပါပြီ။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာပဲ လိုအပ်ချက်ရှိနေသလား ဆိုတာကို သံသယဝင်လာကြတယ်။ တရားစီရင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားချက်က ရှိနေပါတယ်။ တဘက်မှာလည်း ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကလည်း ၂၀၁၀ ပြဋ္ဌာန်းချက်ကလည်း ရှိနေပြန်ပါတယ်။ ဒီလိုအခြေနေမျိုးမှာ တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းနေတာဟာ ဖော်ပြပါ ဥပဒေပြဋ္ဌာန်းချက် နှစ်ရပ် တခုကိုတခု ဝိရောဓိအသွင် ဆောင်နေလို့လား။ ဒါမှမဟုတ် နှစ်ခုစလုံး အားနည်းချက်ကြောင့်လား ဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီတပတ် Law Lab ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာမှာ “ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်ဖို့ လိုပြီလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့ ရွေးချယ်စီစဉ်ခဲ့ကြပါတယ်။
မြန်မာ့တရားစီရင်ရေးဥပဒေဆိုင်ရာ သမိုင်းကို ကိုလိုနီကာလက စလို့ လေ့လာကြည့်ရင် မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဘဝရဲ့ ၁၉၃၅ အက်ဥပဒေအရ အုပ်ချုပ်ခဲ့သလို အက်ဥပဒေပေါင်း ၂၁၅ ခု ပြဋ္ဌာန်းပြီး အုပ်ချုပ်ခဲ့တယ်။ အဲဒီအက်ဥပဒေထဲမှာ မြန်မာပြည် တရားစီရင်ရေးအတွက် Judicial ဆိုပြီး ပြဋ္ဌာန်းခဲ့သလို 1920 Burma Act ကို ပြဋ္ဌာန်းခဲ့တယ်။ နောက်ထပ်ဆင့်ပြီး The Rangoon City Court Of Act ကိုလည်း ပြဋ္ဌာန်းခဲ့တယ်။ ဒီအက်ဥပဒေပေါင်း ၂၁၅ ခုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ အင်္ဂလိပ်တို့ ကျင့်သုံးခဲ့တဲ့ အက်ဥပဒေတွေပါပဲ။ လွတ်လပ်ရေးရချိန်မှာတော့ ပြည်ထောင်စု တရားစီရင်ရေးအက်ဥပဒေ (Union Judiciary Act 1948) ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၅၀ ပြည့်ထဲမှာ တရားရုံးများအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ၁၉၅၅ မှာတော့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ယာယီပြင်ဆင်ချက်အပြင် ပြင်ဆင်ချက်ကို ၂ ကြိမ် ပြုလုပ်ခဲ့တယ်။ ၁၉၅၆ မှာလည်း ထပ်မံပြင်ဆင်ခဲ့ပါတယ်။ ၁၉၅၉ မှာလည်း ယာယီပြင်ဆင်ချက်တခုကို ပြင်ဆင်ခဲ့ပြန်ပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။
၁၉၇၃ မှာ နှစ်ကြိမ် ပြင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အသစ်ပြဋ္ဌာန်းလိုက်တဲ့အတွက် တရားစီရင်မှုပုံစံတွေလည်း ပြောင်းလဲခဲ့သလို တရားစီရင်ရေး ဥပဒေဟာလည်း ဆိုရှယ်လစ်တရားစီရင်ရေးအသွင် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် မဆလ တရားစီရင်ရေးဥပဒေဟာ မအောင်မြင်ဘူးလို့ ဆိုကြတယ်။ အချို့သော ဥပဒေပညာရှင်များကတော့ အဲဒီအချိန်ကစပြီး တရားရေးမဏ္ဍိုင် တိမ်းစောင်းခဲ့တာလို့ ပြောပါတယ်။ ၂၀၀၀ ပြည့်နှစ် ရောက်ချိန်မှာတော့ တရားစီရင်ရေးဥပဒေကို ထပ်မံပြဋ္ဌာန်းပြန်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၃ မှာ ပထမအကြိမ်အဖြစ် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်ချက်နဲ့အတူ အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအချို့ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ၂၀၁၄ မှာလည်း ဒုတိယအကြိမ် ထပ်မံပြင်ဆင်ခဲ့သလို ၂၀၁၅ မှာလည်း တတိယအကြိမ် ထပ်မံပြင်ဆင်ပြန်ပါတယ်။
“ဒီလို အကြိမ်ကြိမ်ပြင်ဆင်ခဲ့ပေမယ့် မီဒီယာတွေပေါ်မှာ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းရတာ တွေ့နေရပါတယ်” ဆိုတဲ့ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက “ပြည်ထောင်စု တရားသူကြီးချုပ်ဟာ တရားရုံးကိုသာ ကြီးကြပ်ခွင့်ရှိတာပါ။ ရှေ့နေရှေ့ရပ်တွေနဲ့ လူတွေကို မကြီးကြပ်နိုင်ပါဘူး။ ဥပဒေလည်းမရှိဘူး။ အကျင့်ပျက်မှုတွေဟာ တရားရုံးပြင်ပမှာ ဖြစ်ကြတာတွေပါ။ ဒါတွေကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာက စဉ်းစားကြရမှာပါ” လို့ ဆိုပါတယ်။ တရားရုံးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “တရားရုံး ရှုမြင်ဆောင်ရွက်ချက်အရ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတာတွေဟာ အမှန်တကယ် ရှိနေတာပါ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ရေရှည်အတွက် ကြည့်ရင်တော့ လူထု ပူးပေါင်းပါဝင်လာတာကို လက်ခံသင့်ပါတယ်။ တရားရုံး စောင့်ကြည့်ရေးအဖွဲ့တွေကို လက်ခံကြိုဆိုကြရမှာပါ။ ငြင်းပယ်ဖို့ မသင့်ဘူးလို့ ဆိုပါတယ်။
ဒေါ်လှလှရီ (တရားလွှတ်တော်ရှေ့နေ၊ Legal Clinic Myanmar) ကလည်း မျှတတဲ့ စီရင်ထုံးအတိုင်း လုပ်၊ မလုပ် စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ တက်ရောက်ဆွေးနွေးသူ အားလုံးကတော့ ဒီဥပဒေကို ပြန်လည်သုံးသပ်သင့်တယ်လို့ ဆွေးနွေးသွားကြပါတယ်။ ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ယူထားတာ ဖြစ်တဲ့အတွက် ပြင်ဖို့ခက်မှာ ဖြစ်ပေမယ့် ကုစားလို့ရနိုင်တယ်လို့ ဆွေးနွေးတာတွေလည်း ရှိပါတယ်။
ဆွေးနွေးချက်အားလုံးကတော့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်ဖို့ လိုတယ်လို့ ဆွေးနွေးထားပါတယ်။ တဆက်တည်းမှာပဲ ခြေ/ဥ အရ ပြင်ဖို့ မလွယ်ပေမယ့် ကုစားလို့ရတယ်။ အောက်ရုံးစီရင်ချက် အမှုတိုင်း အပေါ်ရုံးကို ပို့ဖို့လိုသလို အပေါ်ရုံးကလည်း ပေးပို့တာတွေကို ပြန်လည်သုံးသပ်ပြီး မှန်မှန်ကန်ကန် သုံးသပ်ပေးမယ် ဆိုရင် လူထုအနေနဲ့ သက်သာခွင့်ရနိုင်တယ်လို့ ကုစားပုံကုစားနည်းတွေ ဆွေးနွေးတာလည်း မှတ်သားစရာပါ။ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စု တရားစီရင်ရေးဥပဒေမှာ ချို့ယွင်းချက်ရှိနေပြီဆိုတာ သေချာနေပါတယ်။ ပြင်ဆင်ရန် ခက်ခဲပေမယ့် နည်းလမ်းရှာပြီး ပြင်ဆင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။