နှစ်သစ်ကူးတွင် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရန် တကိုယ်တော်ဆန္ဒပြ
မင်းညို
·
April 7, 2017
မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်တွေမှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လာမယ့်မြန်မာ့နှစ်သစ်ကူးရက်မတိုင်ခင် အမြန်ဆုံးလွှတ်ပေးဖို့ ပြည်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းလှိုင်က ဒီကနေ့ တကိုယ်တော် ဆန္ဒပြတောင်းဆိုပါတယ်။
‘၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပြားပြားဝပ်ပြီး မလှုပ်နိုင်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် အစိုးရခင်ဗျား၊ နှစ်မကူးမီ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပါ’ ဆိုတဲ့ ဗီနိုင်းတချပ်နဲ့ ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့တာပါ၊။
“မနှစ်က သင်္ကြန်အကျော်မှာ သမ္မတဦးထင်ကျော်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့ပါတယ်။ အဲဒီအတွက်ကို ကျေးဇူးတင်ပါတယ်။ အခုလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ အခု သင်္ကြန်နီးနေပါပြီ၊ တောင်းဆိုပါတယ်”လို့ ဦးဝင်းလှိုင်က ပြောပါတယ်။
၂၀၁၇ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၉၂ ယောက်ရှိပါတယ်။ ၈၅ ယောက်က ထောင်ထဲကနေ အမှုရင်ဆိုင်နေရပြီး ၁၂၂ ယောက်မှာ ထောင်အပြင်ကနေ အမှုရင်ဆိုင်နေရပါတယ်လို့ AAPP စာရင်းအရ သိရပါတယ်။