Home
မြန်မာသတင်း
မြန်မာ့သရက်သီး နိုင်ငံတကာဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ဆောင်
DVB
·
April 6, 2017
မြန်မာ့သရက်သီးကို နိုင်ငံတကာဈေးကွက်တွေကို တိုးမြှင့်တင်ပို့နိုင်ဖို့အတွက် အရည်အသွေးနဲ့ ဈေးကွက် ဖော်ဆောင်မှု စီမံကိန်းတွေ ရေးဆွဲလုပ်ဆောင်နေပြီလို့  မြန်မာ့သရက် ဈေးကွက်နဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြောပါတယ်။ အရင်က တရုတ်နိုင်ငံဈေးကွက်တခုကိုသာ အဓိက တင်ပို့နေရတာဖြစ်ပြီး ဒီနှစ်မှာတော့ သရက်သီးကို အနှစ်ထုတ်ပြီး ရုရှားနိုင်ငံကို တင်ပို့ခဲ့တဲ့အပြင် တောင်ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေကလည်း ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပါတယ်။ “နိုင်ငံတကာကလည်း အားလုံး စိတ်ဝင်စားတယ်။ ဂျပန်ကလည်း မန္တလေးမှာ လာပြီးတော့  လေယာဉ်ကွင်းကြီး လုပ်ထားတယ်။ မစ်ဆူဘီရှီကို လွှတ်ထားတယ်။ အဲဒီမှာ ကာဗွန်တွေ ဆေးမှုတ်တာ လုပ်တဲ့အချိန်မှာ သရက်သီးကိုပဲ သူတို့ တင်တာ။ သရက်သီးကို Fresh မဟုတ်ဘဲနဲ့ Raw ပြီး သူတို့ သယ်မှာ။ သရက်သီး အအေးခန်းနဲ့ သွားမယ့် ကိုရီးယားဆိုရင် ၂၀၁၈၊ ၂၀၂၀ လောက်မှာ သူတို့ အလုံးလိုက်ဝယ်မယ် စဉ်းစားထားတယ်။ ဒီနှစ်ကတော့ ဝယ်ရင်တော့ ကုန်ကြမ်းတွေရဲ့ အစပေါ့။ အဲဒီတော့ တို့ တွေ့တာကတော့ သရက်သီးကို အခု Raw အနေနဲ့ ဝယ်ကြမယ့် နိုင်ငံတွေက ရုရှားလည်း ဝယ်မယ်၊ ကိုရီးယားလည်း ဝယ်မယ်။ Fresh Mango အနေနဲ့ ဝယ်မှာက အဓိကကတော့ စင်ကာပူ ပါမယ်။ ထိုင်း ပါမယ်။ တရုတ် ပါမယ်။ တောင်သူတွေအနေနဲ့ ပြင်ဆင်စေချင်တာက ကိုယ့်ရဲ့ အသီး ကွာလတီကို ကောင်းအောင် ပြင်ဆင်ထားရင် တချိန်ချိန်မှာတော့ ဒါတွေအားလုံး အဆင်ပြေသွားလိမ့်မယ် ထင်တယ်။” နိုင်ငံတကားဈေးကွက်ကို  တင်ပို့နိုင်ဖို့အတွက် စိုက်ပျိုးချိန်ကနေ ခူးဆွတ်ချိန်ထိ သရက်သီး အရည်အသွေး ပြည့်မီအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။ “သရက်သီးတို့ ဘာတို့ဆိုရင် တရုတ်နိုင်ငံနဲ့ နယ်စပ်မှာပဲ ပို့နေရတယ်ပေါ့နော်။ အဲဒါ ဘာကွာလဲဆိုတော့ ကျနော်တို့မှာ အရည်အသွေးပိုင်း အားနည်းချက်တွေ ရှိတယ်။ ဒါကြောင့် အရည်အသွေးပိုင်း အားနည်းချက်တွေကို ကျော်လွှားနိုင်ရင် တခြားဈေးကွက်တွေကို ပို့နိုင်တယ်။ ဥပမာ စင်ကာပူဈေးကွက်လိုမျိုးလည်း ထိုးဖောက်နိုင်တယ်။ နောက် ဂျပန်တို့ ဘာတို့ စသဖြင့်ပေါ့။ တခြားနိုင်ငံအများအပြားကို ပို့နိုင်မယ်ဆိုရင်လည်း ကိုယ် လိုချင်တဲ့ဈေးနဲ့ ရောင်းသူ ဈေးကွက်ဆိုတာ ဖြစ်လာနိုင်တယ်။ ကိုယ် ထုတ်လုပ်သမျှကို ရောင်းဝယ်နိုင်မယ်။ ဒါ တောင်သူတွေအနေနဲ့ စဉ်းစားရမယ့် အချက်တွေကို ပြောတာပေါ့နော်။” လက်ရှိ ပြည်ပနိုင်ငံတွေကို သရက်သီး အလုံးလိုက်အပြင် ကြာရှည်အထားခံတဲ့ သရက်သီး အနှစ်၊ အခြောက် ပြုလုပ်ကာ တရုတ်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေကို  တင်ပို့နေပါတယ်။ သတင်း - ထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024