Live
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ပြည်သူထောက်ခံမှု ကျဆင်းနေဟု ပြည်ခိုင်ဖြိုး ပြော
DVB
·
April 6, 2017
အန်အယ်လ်ဒီပါတီဟာ ပြည်သူထောက်ခံမှု ကျဆင်းနေပြီး ပြည်ခိုင်ဖြိုးပါတီအပေါ် ထောက်ခံမှု မြင့်မားလာနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၈၁ ရာခိုင်နှုန်းအနိုင်ရရှိခဲ့ရာက ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၇ ရာခိုင်နှုန်းပဲ အနိုင်ရတော့လို့ ပြည်သူထောက်ခံမှု များစွာကျဆင်းသွားပြီလို့ ပြည်ခိုင်ဖြိုးပါတီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဧပြီ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပွဲရဲ့ ဆုံးဖြတ်ချက်မှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအပေါ် ပြည်သူယုံကြည်အားထားမှု မြင့်မားလာတာကို အထင်အရှားတွေ့မြင်ရတယ်လို့လည်း ပါတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ပါတီကို ပြည်သူက ယုံကြည်ထောက်ခံမှု ပိုပြီး ရလာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့လည်း ပါတီက ဆုံးဖြတ်ခဲ့ပါတယ်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း တရားမဲ့ပြုကျင့်မှုတွေ၊ အသာစီးရယူဆောင်ရွက်မှုတွေအတွက် ဥပဒေနှင့်အညီ တုံ့ပြန်အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီက ကြေညာပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုအနက် ၂ ခုမှာ အနိုင်ရခဲ့ပြီး အန်အယ်လ်ဒီပါတီက ၉ နေရာ အနိုင်ရခဲ့ပါတယ်။ ဓာတ်ပုံ - The Union Daily

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024