တရားမဝင် သစ်ခွဲသားများ တင်လာသည့် ၁၂ ဘီးကား ၂ စီး ဖမ်းမိ
DVB
·
April 6, 2017
ကျောက်ပန်းတောင်းမြို့နယ်မှာ တရားမ၀င် ပိတောက်သစ်ခွဲသား ဆိုဒ်စုံတင်ဆောင်လာတဲ့ ၁၂ ဘီးကား ၂ စီးကို ဧပြီ ၅ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဦး ပါဝင်တဲ့ အဖွဲ့ဟာ တရားမ၀င် သစ်ကားတင်ဆောင်လာတဲ့ သတင်းအရ စောင့်ဆိုင်းနေချိန် ညောင်ဦးဘက်က မောင်းနှင်လာတဲ့ ယာဉ်မောင်း ဦးသန်းထွန်းဦး၊ ယာဉ်နောက်လိုက် ကိုဇင်လင်းဦးတို့ ကားပေါ်က ပိတောက်သစ်ခွဲသား ၆၈ တုံး တန်ချိန် ၇ တန်ကျော်နဲ့ ယာဉ်မောင်း ဦးလွင်ကိုကို၊ ယာဉ်နောက်လိုက် ကိုရဲဝင်းအောင် တို့ကားပေါ်မှ ပိတောက်သစ်ခွဲသား ၅၅ တုံး၊ ၇ တန်ကျော် တင်ဆောင်မောင်းနှင်လာတဲ့ ၁၂ ဘီး ယာဉ် ၂ စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ စပါးခွံအိတ်တွေ ဖုံးဖိပြီး တရားမဝင် တင်ဆောင်လာတဲ့ ပိတောက်သစ်အမျိုးအစား စုစုပေါင်း ၁၂၃ တုံး၊ ၁၄ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
တရားခံ ၄ ဦးနဲ့ ဆက်စပ်ပစ္စည်းယာဉ်တွေကို မြို့မရဲစခန်းက ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်တားဆီးရေးနဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - အာကာမင်း