ကလေး-ဂန့်ဂေါကားလမ်းပေါ်၌ ပရိုဘောက်ကားမီးလောင်
DVB
·
April 5, 2017
ကလေးမြို့၊ ဂန့်ဂေါဘက်သွားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ဧပြီ ၄ ရက် ည ၁၀ နာရီလောက်က ကားတစ်စီး မီးလောင်မှု ဖြစ်ပွားပြီး ယာဉ်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်သွားပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ ကားက ပရိုဘောက် အမျိုးအစားယာဉ်ဖြစ်ပြီး မီးလောင်နေတယ်လို့ သတင်းအရ သွားရောက်တဲ့အခါမှာတော့ အဲဒီကားအနီးအနားမှာ ပိုင်ရှင်မရှိတော့ဘဲ တိမ်းရှောင်သွားတယ်လို့ ကလေးမြို့မ ရဲစခန်းက သိရပါတယ်။
ကားမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာက ကလေး-ဂန့်ဂေါလမ်း နတ်ချောင်းရွာနဲ့ စည်သာကျေးရွာ အကြား မိုင်တိုင်အမှတ် (၇၀/၇) မှာ ဖြစ်ပြီး ဘာကြောင့် မီးလောင်ကျွမ်းမှုဖြစ်တယ်ဆိုတာ မသိရသေးဘဲ အင်ဂျင်အပူလွန်ကဲခြင်းကြောင့် လောင်တာ ဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်ပါတယ်။
ကားမီးလောင်ကျွမ်းမှုမှာ လူထိခိုက်မှု တစုံတရာမရှိခဲ့ပေမယ့်လည်း ယာဉ်မောင်းသူက ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းနေပြီး မီးလောင်တဲ့အထိ ပေါ့ဆစွာ မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ ကလေးမြို့မ ရဲစခန်းက အမှုဖွင့်ထားပါတယ်။
သတင်း-ဓာတ်ပုံ (မင်းရဲစစ်နိုင်)