မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အစိုးရပိုင်းကလည်း တာဝန်ယူ ကိုင်တွယ်သင့်

ပြည်ထဲရေးလက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အစိုးရပိုင်းကလည်း တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေ၊ တရားဥပဒေ စိုးမိုးရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေ များစွာရှိနေတဲ့အထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ပြည်ထဲရေးဝန်ကြီးဌာန တခုတည်းက တာဝန်ယူဆောင်ရွက်တာထက် အစိုးရပိုင်းလည်း အတူပူးပေါင်းဆောင်ရွက်ရင် ပိုမိုကောင်းမွန်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်း က ထောက်ပြပြောဆိုပါတယ်။ “တရားဥပဒေစိုးမိုးရေး၊ ဒါတောင်မှ တရားစီရင်ရေးကဏ္ဍကို မပြောသေးဘူးနော်။ လုံခြုံရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြောမယ်ဆိုရင် နှစ်ဖက်စလုံးက တာဝန်ယူကိုင်တွယ်သင့်တယ်လို့ မြင်တယ်။ ဒီဘက်က အရပ်ဘက်အစိုးရကရော၊ ပြည်ထဲရေးဝန်ကြီးဌာနကရော၊ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာကတော့ တဆင့်ကြည့်မယ်ဆိုရင် တပ်မတော် ပါနေတာပေါ့လေ။ အားလုံးနဲ့ ဒါက ပတ်သက်နေတဲ့ကိစ္စတခုပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာ အားလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စ၊ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ပေါင်းပြီးတော့ ဒါကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သင့်တယ်လို့ ကျနော် မြင်ပါတယ်”လို့ တမ္ပဒီပအင်စတီကျူးမှ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ အားနည်းချက်တွေကို အစိုးရဘက်က သေချာလေ့လာပြီး စီမံဆောင်ရွက်နိုင်ရင်တော့ အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောပါတယ်။ “မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတာလေ။ အဲဒီလို ရှိနေတော့ ပြည်ထဲရေးဝန်ကြီးဌာနက တရားဥပဒေစိုးမိုးရေးကို မဖော်ဆောင်ဘူးလို့ ကျနော် ဆိုလိုတာမဟုတ်ဘူး။ ရဲတပ်ဖွဲ့စွမ်းရည် ဘာတွေ နိမ့်ကျနေလဲ၊ ရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်က ဘာလဲ။ ဒါတွေကို အကုန်လုံးကို ကျနော်တို့က သိဖို့လိုတယ်လေ။ သိပြီးတော့ ပြုပြင်နိုင်ဖို့ လိုတယ်လို့ ကျနော်တို့ မြင်တယ်။ နိုင်ငံရဲ့ အခြေအနေကတော့ အမျိုးသားရင်ကြားစေ့ရေးမူလို့ပဲ ပြောပြော၊ ဒါမှမဟုတ် ကျနော်တို့ ရောက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေအရရော တကယ့်ကို ယူနတီဖြစ်တဲ့ အစိုးရတရပ် ဖြစ်ဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။” ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးတွေကို စီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက် နေပေမယ့် မှုခင်းဖြစ်ပွားမှုနှုန်း လျော့ကျသွားခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် မှုခင်းကြီးတွေမှာလည်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတဲ့ အပြင် မှုခင်းဖော်ထုတ်မှုပိုင်းမှာလည်း အားနည်းချက်တွေ များစွာ ရှိနေသေးတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

More News
Up