မကွေး ကာရာအိုကေဆိုင် မီးလောင်သေဆုံးသူများတွင် တပ်မတော်သား ၂ ဦး ပါဝင်
DVB
·
April 5, 2017
မကွေးမြို့ ရွှေမြတ်မင်းသမီးကာရာအိုကေဆိုင် မီးလောင်မှုအတွင်း သေဆုံးသူ ၁၅ ဦးဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း အစိုးရသတင်းစာမှာ ဖော်ပြလိုက်ပြီး သေဆုံးသူတွေထဲမှာ တပ်မတော်သား ၂ ဦး ပါဝင်ပါတယ်။
ဧပြီ ၂ရက် ညပိုင်းက မကွေးမြို့ မြင်သာရပ် သစ္စာလမ်းနဲ့ ၂၉ လမ်းထောင့်မှာရှိတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အမျိုးသား ၁၁ ဦး ၊ အမျိုးသမီး ၄ ဦး သေဆုံးပြီး အမျိုးသမီးတဦးကတော့ မကွေးဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတာပါ။
သေဆုံးသွားသူတွေထဲမှာ မကွေးမြို့ ခမရ ၃၀၁ က ဒုအရာခံဗိုလ်ဇင်ကိုဦး(၄၆နှစ်) နဲ့ တပ်ကြပ် ဇော်လင်းဦး (၄၁နှစ်)တို့ ပါဝင်ပြီး ပညာရေးဝန်ထမ်းတဦးနဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတဦးတို့လည်း မီးလောင်မှုအတွင်း သေဆုံးခဲ့ပါတယ်။
အိမ်သုံးမီတာတလုံးကို အဲယားကွန်း ၅လုံး၊ ရေခဲသေတ္တာ ၂ လုံး အသုံးပြုထားတဲ့အတွက် အပူလွန် Over Heat ဖြစ်လို့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စီအိုင်ဒီက စုံစမ်းစစ်ဆေးနေတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။