ဂျာမနီတွင် အစ္စလာမ္မစ်စစ်သွေးကြွကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

ဓာတ်ပုံ - အေအက်ဖ်ပီ
ဂျာမနီနိုင်ငံ ဒစ်စေဒေါ့ဖ် တရားရုံးက မာကိုဂျီလို့သိတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကို ဧပြီ ၃ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ် စီရင်လိုက်ပါတယ်။ ဘွန်းမြို့ဘူတာရုံကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားမှု၊ အကြမ်းဖက် အဖွဲ့အစည်း တည်ထောင်မှု၊ လူသတ်ဖို့ ကြိုးစားမှုတွေအတွက် ခုလို စီရင်ချက်ချလိုက်တာပါ။ မာကိုဂျီကတော့ တရားရုံး ခန်းမထဲ ဝင်လာချိန်မှာ အလ္လာဟူ အက္ကဘာလို့ အော်ခဲ့တာပါ။ သူဟာ လက်ယာစွန်း မွတ်စလင်ဆန့်ကျင်ရေး နိုင်ငံရေးပါတီ Pro NRW ရဲ့ ခေါင်းဆောင်ကို သတ်ဖို့ကြိုးစားမှုနဲ့ပါ စီရင်ချက်ချခံရတာလို့ တရားရုံးပြောခွင့်ရ ပီတာရွှတ်ဇ်က ပြောပါတယ်။ ၂၀၁၂ က ဘွန်းမြို့ ဘူတာကြီးရဲ့ စင်္ကြန်ကို ဖောက်ခွဲဖို့ အိမ်လုပ်ဗုံးကို အားကစားအိတ်ထဲမှာ ထည့်ပြီး ထောင်ထားခဲ့တာပါ။ ဒါပေမယ့် အနားက ဖြတ်လျှောက်တဲ့လူတွေကြောင့် စနက်တံပျက်စီးခဲ့ပြီး ဖောက်ခွဲဖို့ လိုအပ်တဲ့အပိုင်းက အလုပ်မလုပ် ဖြစ်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။ မာကိုဂျီဟာ တခြားလူ ၃ ဦးနဲ့အတူ ဂျာမနီနိုင်ငံတွင်း နောက်ထပ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့လည်း တရားရုံးက ပြောပါတယ်။ ကြံရာပါ ၃ ဦးကိုတော့ အကြမ်းဖက်အဖွဲ့အစည်း တည်ထောင်မှု၊ အဖွဲ့ဝင်ဖြစ်မှုနဲ့ သတ်ဖြတ်ဖို့ သဘောတူမှုတွေအတွက် ထောင်ဒဏ် ၉ နှစ်ခွဲကနေ ၁၂ နှစ်ထိ အသီးသီး ချမှတ်ခဲ့တယ်လို့ တရားရုံး ပြောခွင့်ရက ဆိုပါတယ်။ စီရင်ချက်ကို ပြည်ထောင်စုတရားရုံးချုပ်မှာ အယူခံဝင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up