Home
မြန်မာသတင်း
ကျောက်​မဲတွင်​ အမျိုးသား ၁ ဦး ကြိုးဆွဲချ​သေဆုံးမှု ဖြစ်​ပွား
DVB
·
April 4, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီနေ့ မနက်ပိုင်းက အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ကျောက်မဲရဲစခန်းက သိရပါတယ်။ ကြိုးဆွဲချသေဆုံးသူဟာ ကျောက်မဲမြို့ ကျောင်တောင်ရပ်၊ ရက်ကွက် (၂)၊ နယ်မြေ(၁) မှာ နေထိုင်တဲ့  အသက် (၃၁) အရွယ် စိုင်းမြမောင် ဖြစ်ပါတယ်။ သေဆုံးသူကို သေမှုသေခင်းနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကျောက်မဲရဲစခန်းက ဒုရဲအုပ် ခင်စန္ဒာက ပြောပါတယ်။ "ကြိုးဆွဲချသေတဲ့ သတင်းက ဟုတ်တယ်။ တိတိကျကျတော့ မနေ့က တာဝန်မှူးပဲ သိနိုင်မယ်။ ဒီနေ့ တာဝန်မှူးချိန်းထားတော့ အသိအကျတော့ မပြောနိုင်ဘူး။ ကြေးနန်းနဲ့တော့ ဖြစ်စဉ်အားလုံးတော့ တင်ထားတယ်။ သေမှုသေခင်းနဲ့လည်း အမှုဖွင့်ထားတယ်။ အဲဒီနေရာကို စခန်မှူးအဖွဲ့တွေ၊ တာဝန်မှူး တွေလည်းသွားတယ်။ နယ်ထိန်းတွေလည်းသွားတယ် သက်သေခံတွေလည်း သွားကြတယ်။ လက်ရှိတော့ အမှုဖွင့်ထားရုံပဲရှိတယ်။ စစ်ဆေးချက်တွေတော့ မနေ့က တာဝန်မှူးပဲ သိနိုင်မယ်။ မနေ့က တာဝန်မှူးက လမ်းကြောင်းရှိလို့ သွားတယ်။ အလောင်းကတော့ ရင်ခွဲရုံမှာပဲရှိမယ်ထင်တယ်။ ဆေးစစ်ချက်လုပ်ပြီးတော့ ဘယ်လိုကြောင့် သေတယ်ဆိုတာ ဆရာဝန်တွေရဲ့ ပြန်ကြားစာ ရမှ ရမယ်လေ။" ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက "ဖြစ်တာက ဒီမနက် ၂ နာရီခွဲ လောက်မှာ ဖြစ်တာ။ အဲတာကို ဒီမနက်ရောက်တော့ ကျနော်တို့အဖွဲ့တွေ သွားကူပြီးတော့ ဆေးရုံ ပို့ထားတယ်။ သူ့ကိုတော့ မသဂြုင်္ိဟ်ရသေးဘူး။ ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတော့ မူးယစ်ဆေးဝါးကို သုံးပြီးတော့ ဖြစ်တယ်လို့တော့ သိရတယ်။ အသေးစိတ်ကို ထပ်မံစစ်ဆေးနေတုန်းမို့ မသိရသေးဘူး" လို့ ပြောပါတယ်။ "ဆေးသမားတွေက ဆေးသုံးဖို့ ပိုက်ဆံခက်သွားရင် စိတ်ဓာတ်တွေကျပြီး အဆုံးစီရင်သွားတာပဲ။ ဆေးသမားဟာ ပိုက်ဆံရှိနေသရွေ့ ရှာနိုင်သရွေ့ ဘယ်တော့မှ စိတ်ဓာတ်မကျဘူး"လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ရှမ်းမြောက် ကျောက်မဲမြို့နယ်ရဲ့ မြောက်ဘက် ၆ မိုင်ကျော် လောက်ရှိတဲ့ ဓနုကျေးရွာလေးဖြစ်တဲ့ ကုန်းစုံရွာမှာ အသက် ၁၂ အရွယ်ရှိ ကလေးငယ်တဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024