Home
ဆောင်းပါး
ယုံကြည်ငြိမ်းချမ်း
DVB
·
April 4, 2017
  နေပြည်တော်မှာ ကျင်းပမယ့် တပ်မတော်နေ့ အခမ်းနားကို ဒေါက်တာမျိုးသန့်တင်နဲ့ အတူသွားရင်း ကားပေါ်မှာ စဥ့်ထည်လုပ်ငန်းအကြောင်း စကားစပ်မိပါတယ်။  ၁၅ ရာစုကတည်းက မြန်မာ့စဥ့်လုပ်ငန်းမှာ အတော်တိုးတက်နေတဲ့အကြောင်းနဲ့ အဲဒီ စဥ့်လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ ပြန်လည်ထူထောင်ဖို့ ကြိုးစားတဲ့နေရာမှာ စဥ့်လုပ်ငန်းနဲ့ အသက်မွေးတဲ့ လူထုရဲ့ ယုံကြည်မှုဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး ဆိုတာ သူ သိခဲ့ရတယ်လို့ ပြောပါတယ်။ တလမ်းလုံးလိုလို သူနဲ့ ကျနော် စဥ့်လုပ်ငန်းအကြောင်း ပြောလာပေမယ့် ကျနော့်စိတ်ထဲမှာတော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေး အခြေအနေနဲ့ ယုံကြည်မှုကရော ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ ဆိုတာ သိလိုစိတ် ပြင်းပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး ယိုယွင်းလာတယ်လို့ ဖေဖော်ဝါရီ ၁၃ ရက် ဘန်ကောက်ပို့စ်မှာ ပါတဲ့ လယ်ရီဂျန်ကင် ရေးတဲ့ သတင်းဟာ ကျနော်တို့ သတင်းသမားများကို စိုးရိမ်စိတ် ဖြစ်ပေါ်စေလို့ပါ။ တပ်မတော် အခေါ် တပ်မတော်နေ့၊ တက်ကြွလှုပ်ရှား နိုင်ငံရေးသမားများအခေါ် ဖက်ဆစ်တော်လှန်ရေးနေ့၊ မတ်လ ၂၇ ရက်နေ့နားနီးတဲ့အခါ အဲဒီစိုးရိမ်စိတ်ဟာ ပိုမိုပီပြင်လာပါတယ်။ တပ်မတော် စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း ရှိ၊ မရှိ။ ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်ခြင်း ရှိ၊ မရှိ။ တပ်မတော်နေ့ ခေါ် ဖက်ဆစ်တော်လှန်ရေးနေ့ ရောက်ခါနီး တပ်မတော် ထိုးစစ်များ ပြင်းထန်လာခြင်း ရှိ၊ မရှိ သိလိုစိတ် ပေါ်လာပြန်ပါတယ်။ မတ်လ ၂၄ ရက်တုန်းက တရုတ်-မြန်မာနယ်စပ်က ၂၀၁၀ တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းတွေ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ တပ်မတော်ထိုးစစ်တွေ ပြင်းထန်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ပါက တိုင်းရင်းသား လက်နက်ကိုင်တွေက ဘယ်လို သဘောထားမလဲ။ မတက်ရောက်ပါက တပ်မတော်က ဘယ်လို သဘောထားမလဲ။ နိုင်ငံရေး အကဲခတ်တွေကရော တပ်မတော်နဲ့ ဒေါ်အောင်ဆန်းကြည်တို့ ဆက်ဆံရေးကို ဘယ်လို ခန့်မှန်းချက် ပေးကြမလဲ။ စတဲ့ စတဲ့ စိုးရိမ်စိတ် မေးခွန်းတွေနဲ့ အဲဒီရက်တွေကို ဖြတ်သန်းခဲ့ရတာပါ။ ဒီလိုနဲ့ မတ်လ ၂၇ ရက်နေ့ကို ရောက်ခဲ့ပါပြီ။ တပ်မတော် စစ်ရေးပြ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှာကြည့်ပေမယ့် မတွေ့ပါဘူး။ အချိန်တန်တော့ မြင်းတပ်တွေ၊ တင့်ကားတပ်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်လေယဉ်တွေ တဝေါဝေါ ပေါ်လာပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ခေတ်သစ်စစ်ပွဲ ဆင်နွှဲနိုင်တဲ့ တပ်မတော် တည်ဆောက်ဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အခမ်းအနားပြီးလို့ တည်းခိုခန်းပြန်ပြီး facebook  ဖွင့်လိုက်တဲ့အခါ  အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖက်ဆစ်တော်လှန်ရေးနေ့ ခေါင်းစဉ်နဲ့ ရန်ကုန် NLD ဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ “အမျိုးသားရေးတိုင်းရင်းသားမျိုးနွယ်စု အရေးများတွင် စစ်ရေးအင်အားဖြင့် သြဇာ သက်ရောက်အောင် ဖိအားပေးလေ့ရှိသည့် ရွေးချယ်မှုမျိုးကိုလည်း နိဂုံးချုပ်အောင် ဆောင်ကြဉ်းပေးကြပါလိမ့်မည်” လို့ (၇၂) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိက မိန့်ကြားခဲ့တာကို သတိပြုမိပါတယ်။ အဲဒီသဘာပတိမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ယခုအခါ ကျမဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ မရသေးပါဘူး။ ဒါပေမယ့် အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ် အခြေခံပြီး တည်ဆောက်ရေးစိတ်ဓာတ်နဲ့ ရရှိနိုင်မယ်လို့ ကျမ ခိုင်မာစွာ ယုံကြည်ပါတယ်”  ဆိုတဲ့စကားကို ကိုးကားထားတာကို တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကကြီး သူရဦးတင်ဦးကတော့ စစ်ရေးပြပွဲကို နိုင်ငံတော်သမ္မတ အလေးပြုတဲ့ တပ်မတော် စစ်ရေးပြ ချီတက်ပွဲအဖြစ် လွတ်လပ်ရေးနေ့မျိုးမှာပဲ ကျင်းပသင့်ပြီး၊ အခုလို နေ့မျိုးမှာတော့ တပ်မတော် တပ်ရင်း တပ်ဖွဲ့အတွင်းမှာပဲ ဖက်ဆစ်တော်လှန်ရေး အမှတ်တရတွေနဲ့ တပ်မတော်ကို ဂုဏ်ပြုမှုတွေကို ကျင်းပသင့်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့ကို မြန်မာပြည်မှာ ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့အဖြစ် ခေါင်းစဉ် နှစ်မျိုးနဲ့ ကျင်းပနေတယ်လို့ ပြောနိုင်ပါတယ်။ တဖက်က ရွေးကောက်ခံ NLD အစိုးရ။ တဖက်က အင်အားအကြီးဆုံးလက်နက်ကိုင် မြန်မာ့တပ်မတော်။ စိတ်ဝင်စားဖို့ ကောင်းတာလား၊ စိုးရိမ်ဖို့ ကောင်းတာလား ဆိုတာကို ကျနော် မဝေခွဲနိုင်ပါ။ မတ်လ ၂၈ ရက်နေ့တော့ မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တရုတ်နယ်စပ်မှာ ယူနန်ပြည်နယ်တပ်ကနေ အားဖြည့်ပါဝင်တဲ့ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေ အပါအဝင် တိုင်းရင်းသားဒေသက လက်နက်ကိုင် ပဋိပက္ခတွေဟာ တိုင်းပြည် အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ တပ်မတော်နေ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပြီး နောက်တရက်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်တာပါ။ အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းကြည် မြစ်ကြီးနားခရီးအကြောင်း သတင်းတွေကို  ရုပ်သံသတင်းတွေမှာ တွေ့လိုက်ရပါတယ်။ အဲဒီမှာ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ ပါဝင်ဖို့ အလေးထား ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။ အဲဒီနေ့ ညနေမှာ ကချင်လက်နက်ကိုင် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ သဘောထားကို ဖေ့စ်ဘွတ်ပေါ်မှာ ဖတ်လိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ “ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေ အားလုံး မပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့မရဘူးလို့ ပြောတယ်။ ဒီလိုပြောရင် ပင်လုံရဲ့အနှစ်သာရကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်” လို့ ရေးထားတာပါ။ ကချင်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲမှာ ဒေါ်စုပြောတဲ့ မိန့်ခွန်းကို မေးခွန်းထုတ်ထားတာပါ။ ခေတ်သစ် အိုင်တီနည်းပညာကို သုံးပြီး ကိုယ်ပိုင်လက်ရေးနဲ့ တင်ထားတဲ့ သဘောထား ထုတ်ပြန်ချက်ကို ဖတ်ရတော့ ရိုးရှင်းတဲ့ စိတ်ကူးကို နှစ်သက်မိပါတယ်။ နောက်ပြီး အခုလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တယောက်ရဲ့ သဘောထားကို သိခွင့်ရလိုက်တာဟာ ကျနော်တို့ သတင်းသမားတွေအတွက် ကျေနပ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ တယောက်ကို တယောက် နားလည်မှု လွဲနေတာကိုလည်း ကျနော်တို့ သိလိုက်ရပါတယ်။ ဘယ်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ နားလည်မှု လွဲနေတယ် ဆိုတာကိုလည်း မှန်းဆလို့ ရပါတယ်။ အဲဒါဟာ ကျနော်တို့ အခွင့်အရေးပါ။ နားလည်မှု လွဲနေတာကို သိရင် နားလည်မှုရအောင် ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့ နည်းလမ်းကို ကျနော်တို့ ရှာတွေ့ဖို့ သိပ်မလိုတော့ဘူး ထင်ပါတယ်။ ဇော်ဌေး တင်လိုက်ပြီး ကိုပြည့်မင်း (ကဗျာဆရာ) မျှဝေလိုက်တဲ့ လူမှုကွန်ရက် (face book) ပေါ်က ဗီဒီယိုဖိုင်ကလေးကို ဖွင့်မိပါတယ်။ ကချင်ပြည်နယ်က လန်ဆယ် ရေဘေး ကယ်ဆယ်ရေးစခန်းကို ဒေါ်စု ရောက်သွားတဲ့အခါ ဒေသခံ ကလေးတွေက အင်္ကျီအဝါကလေးတွေ ဝတ်ပြီး လက်ကလေးတွေပိုက်ကာ ဒေါ်စုကို သီချင်းတွေနဲ့ ဧည့်ခံနေတာကို ဖုန်းကင်မရာနဲ့ ရိုက်တင်ထားတဲ့ ဗွီဒီယိုဖိုင်ကလေးပါ။ သီချင်းကလေးဟာ ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသီဆိုထားတဲ့ စာသားတွေနဲ့ ရေးဖွဲ့ထားပေမယ့် တေးသွားနဲ့ ကလေးတွေရဲ့အသံကတော့ ရင်ကွဲဝမ်းနည်းသံ ပါနေတယ်လို့ ကျနော် ခံစားမိပါတယ်။ မတ်လ ၃၀ ရက်နေ့ ည ၈ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ၁ နှစ်ပြည့်မိန့်ခွန်း ပြောပါတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံကနေ လူထုနဲ့အတူ ဆိုတဲ့ ကြွေးကြော်သံအသစ်ကို ပြောင်းရွှေ့ ပြောကြားသွားပါတယ်။ ဒေါ်စု မိန့်ခွန်းပြောပြီးတဲ့နောက်မှာ NCA ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို UNFC ရဲ့ အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး၊ ဝ အမျိုးသားအဖွဲ့ချုပ်တို့ လက်မှတ်ထိုးတော့မယ်လို့ နောက်ဆက်တွဲအဖြစ် ကြေညာခဲ့ပါတယ်။ ဒါကို UNFC ဒုဥက္ကဋ္ဌအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလို လက်မှတ်ရေးထိုးဖို့ ယတိပြတ် ဆုံးဖြတ်ထားတာ မဟုတ်သေးကြောင်းလည်း ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း လျှပ်ခနဲ ဝင်းခနဲ တွေ့လိုက်ရတဲ့ အလင်းရောင်တွေဟာ တခါတရံ လက်နက်ကြီးတွေက ထွက်လာတဲ့ အလင်းရောင်လို့ ထင်မိသလို တခါတရံ ငြိမ်းချမ်းရေး အလင်းရောင်တွေလို့ ထင်မိတဲ့အခါလည်း ထင်မိပါတယ်။ ကျနော် စဉ်းစားမိတာက စီးပွားရေးသမားတွေဟာ ဓနဥစ္စာတွေကို သိမ်းယူဖို့ ကြိုးပမ်းနေသလို လက်နက်ကိုင်တွေဟာ တောင်ကုန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ အလားတူပဲ နိုင်ငံရေးသမားတွေဟာ အာဏာရဖို့ လုံးပန်းနေကြပါတယ်။ တကယ်တော့ စီးပွားရေးသမား ဖြစ်ဖြစ်၊ နိုင်ငံရေးသမားဖြစ်ဖြစ်၊ လက်နက်ကိုင်ဖြစ်ဖြစ်  ပြည်သူတွေရဲ့ ယုံကြည်မှု နှလုံးသားကို အရယူနိုင်မှသာ သူတို့ အောင်ပွဲဆင်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်နဲ့ နေပြည်တော် အလာလမ်းမှာ စကားလက်ဆုံကျခဲ့တဲ့ စဥ့်ထည်လုပ်ငန်း ပညာရှင် ဒေါက်တာမျိုးသန့်တင် ပြောလိုက်တဲ့ ‘လူထုရဲ့ ယုံကြည်မှုဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါ’  ဆိုတဲ့ စကားကို ပြန်ကြားယောင်မိပါတယ်။ စဥ့်ထည်လုပ်ငန်းမှာတောင် လူထုယုံကြည်မှုက ဒီလောက် အရေးပါနေရင်... သားကြီးမောင်ဇေယျ ၃-၄-၂၀၁၇
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024