အင်ဒိုနီးရှားတွင် မိုးသည်းထန်ပြီး တောင်ပြို၊ လူ ၂၈ ဦး ပျောက်ဆုံး

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် တောင်ပြိုကျခဲ့မှုမှာ လူ ၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်း ဆက်လက်ဆောင်ရွက်နေကြပါတယ်။ သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ လောလောဆယ်အထိ အလောင်း ၂ လောင်း တွေ့ရှိထားတယ်လို့ ဧပြီ ၂ ရက်နေ့က ပြောဆိုပါတယ်။ ဧပြီ ၁ ရက်နေ့က ပိုနိုရိုဂိုဒေသက ကျေးရွာအိမ်အလုံး ၂၀ ပေါ် မြေပြိုကျခဲ့တာမှာ ချင်းစိုက်သွားတဲ့ ရွာသားတွေလည်း မြေပြိုတဲ့အထဲ ပါသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အရာရှိက ပြောပါတယ်။ ဒေသခံ ၁၇ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ နီးစပ်ရာ ကျန်းမာရေးဌာနမှာ ဆေးကုသမှု ခံယူနေပါတယ်။ ရဲနဲ့ စစ်သားတွေက မြေပြိုဒဏ်သင့်တဲ့သူတွေကို ရှာဖို့ ရွှံ့နဲ့ အပျက်အစီးတွေကို ရှင်းလင်း ကူညီနေပါတယ်။ မြေပြိုတာကို လာရောက်ကြည့်ရှုသူတွေနဲ့ ပိတ်ဆို့မှုတွေဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်၊ ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ လတ်တလော မိုးကြောင့် နောက်ထပ် မြေပြိုတောင်ပြိုမှုတွေ ဖြစ်နိုင်သေးတဲ့ အခြေအနေအတွက် ဒေသခံတွေကို သတိပေးထားတယ်လို့ သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေး အေဂျင်စီ အရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up