YBS ယာဉ်လိုင်းများ ခရီးစဉ်အပိုင်းလိုက်ခွဲပြီး ယာဉ်စီးခ ၁၀၀ သတ်မှတ်မည်
DVB
·
April 3, 2017
ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေအကုန်လုံးကို ခရီးစဉ်အပိုင်းလိုက်ခွဲပြီး ယာဉ်စီးခ ကျပ် ၁၀၀ သတ်မှတ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဒီဗွီဘီကိုပြောပါတယ်။
ခရီးသည်တွေရဲ့တောင်းဆိုချက်တွေကြောင့် အခုလိုယာဉ်စီးခကို ပြောင်းလဲသတ်မှတ်ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာပြေးဆွဲပေးနေတဲ့ YBS ယာဉ်လိုင်းတွေကို ခရီးစဉ်အကွာအဝေးကိုပိုင်းဖြတ်ကာ ယာဉ်စီးခ ကျပ် ၁၀၀ သတ်မှတ်တာဖြစ်ပြီး ခရီးစဉ်အစအဆုံးကိုတော့ ငွေကျပ် ၂၀၀ ပေးမှာဖြစ်တယ်။
ပြောင်းလဲလိုက်တဲ့ ယာဉ်စီးခတွေကို သင်္ကြန်မတိုင်ခင် သတ်မှတ်မလားသင်္ကြန်အပြီး သတ်မှတ်မလားဆိုတာကိုတော့ အစည်းအဝေး ထိုင်ပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။
သတင်း - ရန်နိုင်ဇော်ဝင်း