အိမ်ရှေ့ခြံစည်းရိုးမြောင်း တူးဖော်ရာမှ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိ
DVB
·
April 3, 2017
တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ ဒီနေ့ မနက်ပိုင်းက အိမ်ရှေ့ခြံစည်းရိုးမြောင်း တူးဖော်ရာကနေ ဗုံးသီးဟောင်းတလုံး တွေ့ရှိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။
“ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အနော်ရထာရပ်ကွက် နီလာလမ်း၊ စံပြကွက်သစ် အမှတ်(၅၀၅) ဦးစိုးမြင့်ရဲနေအိမ်ရှေ့ ခြံစည်းရိုးပြုလုပ်ဖို့ မောင်းတူးဖော်ရာကနေ ဗုံးသီးဟောင်း တလုံး တွေ့ရှိတယ်”လို့ ဥက္ကံနယ်မြေရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ်လှိုင်မင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“ဗုံးသီးဟောင်းမှ အမြင့် လေးလက်မခွဲ လုံးပတ် ရှစ်လက်မခွဲ အလေးချိန် တပေါင်ခွဲခန့်ရှိပြီး ခွင်းဗုံးသီး ဟောင်းဟုယူဆရကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်တပ်များသို့ ဆက်သွယ်အကြောင်းကြား သွားရောက်အပ်နှံသွားမယ်”လို့ သူက ဆက်ပြောပါတယ်။
သတင်း - မေသွယ်