Home
မြန်မာသတင်း
လူသတ်တရားခံပြေးကို ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
April 3, 2017
ရန်ကုန်မြို့ တာမွေမြို့နယ်မှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး၁ ဦးကို ရဲက သွားရောက်ဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် ရွှေဥဒေါင်းလမ်း အမှတ်(၈)မြေညီထပ်မှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး တင်စိုး (၅၄)နှစ် ရောက်ရှိနေကြောင်း သတင်းအရ ဧပြီ ၁ ရက် ညသန်းခေါင်မှာ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံပြေးဖြစ်သူက အသာတကြည်အဖမ်းခံရန်ပြောဆိုမှုကို လိုက်နာခြင်းမရှိဘဲ အရိုးအသွား ၁၁ လက်မခန့်ရှိ ခွေးသွားစိတ်ပါ ဓားဦးချွန်နဲ့ ပြန်လည်ခုခံခဲ့တယ်လို့ဆိုပါတယ်။ ရဲက ခြောက်လုံးပြူးသေနတ်နဲ့ အမိုးပေါ်သို့ တစ်ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ပေမယ့် ဆက်ရန်ပြုနေလို့ Pump Action ပြောင်းချော သေနတ်နဲ့ တစ်ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ မှာ တရားခံပြေးရဲ့ ယာဘက်ပေါင်ထိမှန်ပြီး ဝိုင်းဝန်းထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသပေးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ တရားခံပြေးတင်စိုးဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားခံပြေးအဖြစ် တရားစွဲဆို ထားသူဖြစ်ပြီး ဆက်လက်အရေးယူသွားမယ်လို့သိရပါတယ်။ ဓာတ်ပုံ-Yangon Police
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024