လက်နှစ်ဘက်မပါရှိဘဲ ဘတ်စကက်ဘော ကစားပြနိုင်သည့် အံ့ဖွယ်ဆယ်ကျော်သက်ရုပ်သံ ရေပန်းစား

လက် ၂ ဘက်စလုံး မပါရှိဘဲနဲ့ ဘတ်စကက်ဘော ကစားပြနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ဂျမ်မာရီယွန်စတိုင်လ်စ်ကတော့ တခြားသော သာမန်လူတွေအတိုင်းပဲ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားပြနိုင်ခဲ့တာပါ။ သူဟာ အသက် ၈ လသားအရွယ်မှာ ရှားပါးဘက်တီးရီးယားတမျိုးကြောင့် လက် ၂ ဘက်စလုံးကို ဖြတ်တောက်ခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တခြားသော အသင်းဖော်တွေနဲ့တန်းတူ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားနိုင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စတိုင်လ်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရေတန်မှ အီးဂဲလ်စ်လန်းဒင်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းအတွက် အနိုင်မှတ်ရစေမယ့် ဘတ်စကက်ဘောကို သွင်းယူသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီ့အတွက် ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ စုဝေးရောက်ရှိလာခဲ့ကြတာကို တွေ့ရမှာပါ။ အသင်းဖော်တွေကတော့ စတိုင်လ်စ်ဟာ အမြဲကြိုးစားနေတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး သူ့ကို မသန်စွမ်းသူတဦးလို့ မထင်ရအောင်ကို ကစားနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။ သူဟာ ဘောလုံးကိုလည်း ကောင်းကောင်းကစားနိုင်ပြီး အသက်ကြီးလာချိန်မှာ နာမည်ကျော် ဘောလုံးသမားတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ “ကျနော် အားကစားနည်းမျိုးစုံ ကစားပါတယ်။ ဘောလုံးဟာ ကျနော်အကြိုက်ဆုံး အားကစားနည်းတွေထဲက တခုပါပဲ” လို့ စတိုင်လ်စ်က ပြောပါတယ်။ အသင်းဖော် မာ့ခ် စတိဂ်ျကတော့ “သူဟာ အားကျစရာပါပဲ။ ခင်ဗျားတို့သိလား၊ သူက ကျနော်တို့ကို မျှော်လင့်ချက်တခုခု ပေးနေတယ်ဆိုတာ” လို့ ပြောပါတယ်။ စတိုင်လ်စ်က “အပြုသဘောဆောင်တဲ့ နေထိုင်မှုနဲ့ နေထိုင်ရုံပါပဲ။ ခင်ဗျားတို့လိုချင်တဲ့ နေရာရောက်ဖို့ ဘာမဆိုလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up