မာစတာပြိုင်ပွဲ ၀င်တော့မည်မဟုတ်ဟု ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် ပြော
DVB
·
April 2, 2017
အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်ဟာ အဓိက ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မာစတာ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
အသက် ၄၁ နှစ်ရှိ တိုက်ဂါးဝုဒ်ဟာ မာစတာ ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ၄ ကြိမ် ဗိုလ်စွဲထားသူဖြစ်ပြီး ပြိုင်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ၀င်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာပြသနာတွေကြောင့် ၁၇ လကြာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Farmer Insurance Open ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။
တိုက်ဂါးဝုဒ်ဟာ ၁၉၉၇ ခုနှစ် မာစတာ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့ပြီး ဒီနှစ်ပြိုင်ပွဲဟာ သူ့ရဲ့ မာစတာပြိုင်ပွဲဝင်တဲ့နှစ် ၂၀ ပြည့်မြောက်မယ့် ပြိုင်ပွဲဖြစ်ပါတယ်။
ဒီလိုအမှတ်တရတွေ အများကြီးရှိတဲ့ ပြိုင်ပွဲမှာ ဒဏ်ရာပြဿနာကြောင့် ၀င်မပြိုင်ဖြစ်တဲ့အပေါ် ၀မ်းနည်းမိတယ်လို့ တိုက်ဂါးဝုဒ်က သူ့ရဲ့ ၀က်ဘ်ဆိုဒ်ကနေ ပြောကြားခဲ့ပါတယ်။
တိုက်ဂါးဝုဒ်ဟာ အဓိက ပြိုင်ပွဲတွေမှာ ၁၄ ကြိမ် ချန်ပီယံဆုရရှိထားပေမယ့် ၂၀၀၈ ယူအက်စ်အိုးပင်းမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေပါတယ်။