ပါရာဂွေးဆန္ဒပြသူများ လွှတ်တော်ကို ၀င်ရောက်စီးနင်း မီးရှို့(ရုပ်သံ)

ပါရာဂွေးနိုင်ငံက ဆန္ဒပြသူတွေဟာ လွှတ်တော်ကို မတ် ၃၁ ရက်နေ့ ဝင်စီးနင်းခဲ့ပြီး မီးရှို့ခဲ့ ပါတယ်။ သမ္မတ ဟိုရစီယို ကားတက်စ် ပြန်ရွေးကောက်ခံနိုင်ဖို့ ခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို မတ် ၃၁ ရက်နေ့ အစောပိုင်းက အထက်လွှတ်တော်မှာ လျှို့ဝှက်အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဒေါသထွက်ပြီး အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ခဲ့တာပါ။ အမတ် ၄၅ ယောက်ရှိတဲ့ လွှတ်တော်မှာ အတည်ပြုဖို့ ၂၃ မဲ လိုပေမယ့် အမတ် ၂၅ ဦးက မဲပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ပါရာဂွေးရဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံကို အားနည်းစေလိမ့်မယ်လို့ ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သူတွေက အခိုင်အမာ ပြောပါတယ်။ ဒီမဲဟာ တရားမဝင်ဘူးလို့လည်း ပြောပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ အတည်ပြုခဲ့တဲ့ နိုင်ငံရဲ့ အခြေခံဥပဒေက ပြန်လည်ရွေးကောက်ခံခွင့်ကို ဟန့်တားထားပါတယ်။ ပါရာဂွေးနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ကို ၁၉၈၉ ခုနှစ်က ကျရောက်ခဲ့တာပါ။ ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ထိပ်တိုက်တွေ့အပြီး အကြမ်းဖက်မှု နာရီအတော်များများထိ အရှိန်မြင့် လာခဲ့တာပါ။ အဲဒီနောက် အောက်လွှတ်တော်က ပြတင်းမှန်တွေကို ရိုက်ခွဲခဲ့ကြပါတယ်။ အောက်လွှတ်တော် အဆောက်အဦ ခြံစည်းရိုးတွေကို ဖယ်ထုတ်ပြီး ကားတာယာတွေကို မီးရှို့ခဲ့ပါတယ်။ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ရာဘာ ကျည်ဆန်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးခဲ့ကြပါတယ်။ နိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေ အတော်များများ ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။  ပြည်ထဲရေးဝန်ကြီးက ရဲတွေ အများအပြား ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up