ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ ကရင်ပြည်နယ် အစိုးရကိုယ်စားလှယ်တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူလိုက်ကြပြီး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဘားအံ့မြို့ ဇွဲကပင်ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက စတင်တဲ့ အစည်းအဝေးမှာ သဘောတူညီချက် ၄ ခု ရရှိသွားပြီလို့ အဲဒီကိုရောက်ရှိနေတဲ့ သတင်းထောက် တဦးက ပြောပါတယ်။
“အချက်လေးချက်ကတော့ အပစ်အခတ် ရပ်စဲမယ်။ ဆက်ဆံရေး ရုံးတွေဖွင့်မယ်။ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလို့ရမယ်။ နောက်အဆင့်တွေ ဆက်ဆွေးနွေးသွားမယ်။”
ဒီနေ့ညနေပိုင်းမှာ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိရာ (မော်လမြိုင်)မှာ သွားရောက်ပြီး စစ်ရေးကိစ္စ ဆွေးနွေးဖို့ ရှိတယ်လို့ ကေအန်ယူရဲ့ ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်ကိုင်တော်လှန်နေတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ စစ်ပြေးဒုက္ခသည် တသိန်းကျော်လောက် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြပါတယ်။