ဆမ်ဆောင်းက နောက်ဆုံးထုတ် Galaxy S8 စမတ်ဖုန်းများကို ပြသ

ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy S8 စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြသခဲ့ပါတယ်။ Galaxy S8 နဲ့ အရွယ်နည်းနည်းပိုကြီးတဲ့ Galaxy S8+ ဆိုပြီး မော်ဒယ် ၂ မျိုး ထုတ်လိုက်ပြီး မနှစ်ကထုတ်လုပ်ခဲ့တဲ့ Galaxy S7 ဖုန်းတွေနဲ့ အရွယ်တူလောက်ဖြစ်ပေမယ့် စခရင်တွေက ပိုကျယ်လာပါတယ်။ မော်ဒယ် ၂ မျိုးလုံး အနားလုံးဖုံးတွေ ဖြစ်ကြသလို ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်လိုက်ပြီး မီးလောင်လို့ ပြန်သိမ်းခဲ့ရတဲ့ Note 7 ဖုန်းတွေနောက်ပိုင်း ပထမဆုံး ပြန်ပြီးထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က မသေမချာနဲ့ ထုတ်လုပ်လိုက်လို့ Note 7 ဖုန်း ဘက်ထရီမီးလောင်တဲ့ ပြဿနာတွေကော၊ အခုနှစ်မှာကျတော့လည်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးပါ ပြုတ်သွားရတဲ့ အစိုးရ အဂတိလိုက်စားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖမ်းဆီးရုံးတင်ခံထားရပါတယ်။ အခု နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy S8 နဲ့ Galaxy S8+ ဖုန်းတွေကို ဆမ်ဆောင်းကုမ္ပဏီရဲ့ ၁၀ နှစ်အတွင်း အကောင်းဆုံးထုတ်လုပ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဖုန်းဘက်ထရီမီးလောင်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ဒီဖုန်းတွေကို အထူးအလေးထား ထုတ်လုပ်ကြမှာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ဒီဖုန်းတွေကို မော်နီတာ၊ ကီးဘုတ်၊ Wireless Mouse တွေနဲ့ ချိတ်ဆက်လိုက်ရင် ကွန်ပျူတာ တလုံးလိုလည်း အသုံးပြုနိုင်မှာပါ။ ဒီဖုန်းသစ်တွေဟာ အရင်နှစ်က ထုတ်လုပ်လိုက်တဲ့ ဖုန်းတွေထက် Processor ၁၀ ရာခိုင်နှုန်း ပိုပြီး စွမ်းဆောင်ရည်မြင့်ပြီး ဂရပ်ဖစ်ကတော့ ၂၁ ရာခိုင်နှုန်း စွမ်းဆောင်ရည်တက်လာပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Galaxy S8 က အမေရိကန်ဒေါ်လာ ၈၅၀ ကျော်၊ S8+ ကတော့ အမေရိကန်ဒေါ်လာ ၉၆၀ ကျော် ဈေးရှိမှာဖြစ်တဲ့အတွက် Galaxy S7 ဖုန်းတွေထက် ဈေးလည်းပိုမြင့်ပါတယ်။ ပြီးခဲ့တဲ့နှစ် တနှစ်လုံးအတိုင်းအတာနဲ့ ပြောရင် ဆမ်ဆောင်းစမတ်ဖုန်းတွေ ကမ္ဘာပေါ်မှာ အလုံးရေအများဆုံး ရောင်းချနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လကတော့ Apple ဖုန်းအလုံးရေ ပိုရောင်းချနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up