Homeမြန်မာသတင်း
ဝရမ်းပြေးအောင်ဝင်းခိုင် ကိုယ်ရေးအချက်ထုတ်ပြန်၊ ဖမ်းမိရေး စဉ်ဆက်မပြတ်စုံစမ်းနေဟု ရဲပြော
ဝရမ်းပြေးအောင်ဝင်းခိုင် ကိုယ်ရေးအချက်ထုတ်ပြန်၊ ဖမ်းမိရေး စဉ်ဆက်မပြတ်စုံစမ်းနေဟု ရဲပြော
DVB
·
March 31, 2017
ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်နေသူ ၀ရမ်းပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် စုံစမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
တရားခံပြေးဖြစ်သူ အောင်ဝင်းခိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖော်ပြထားတဲ့ ပြစ်မှု၂၈/ရဲ ၆၂ ပုံစံအား တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနဲ့ မှုခင်းတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်တွေအထိ ပေးပို့ထားရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ခွဲစုံစမ်းဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရားခံပြေး အောင်ဝင်းခိုင် ဖမ်းမိဖို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ရဲဇာနည်သတင်းမှာ တရားခံပြေး အောင်ဝင်းခိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း တပါတည်း ထုတ်ပြန်ခဲ့ပြီး အောင်ဝင်းခိုင်နဲ့ ဆက်စပ်ပတ်သက်နေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး သေနတ်နဲ့ လုပ်ကြံပစ်ခတ်သူ ကြည်လင်းကို စေခိုင်းသူဟာ အောင်ဝင်းခိုင်ဖြစ်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။