ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အေးနိုင်
·
January 11, 2012
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရရှိတဲ့အပေါ် အပြည့်အဝ အသုံးချပြီး ကိုယ်လိုချင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
“ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့သူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်မှာပါ။ ဒါကြောင့် ကျမတို့ ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရတခု ဖြစ်အောင်လို့ လုပ်ရပါလိမ့်မယ်။ မဲပြားတွေနဲ့ ကိုယ်မလိုချင်တဲ့ကိစ္စကို ပြောင်းလဲဖို့ ကြိုးစားရပါလိမ့်မယ်။ မဲပေးလိုက်တယ် ဆိုတာဟာ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို ကိုယ်လုပ်ချင်တဲ့ ကိစ္စတွေကို လုပ်ပေးဆိုပြီး တာဝန်အပ်နှင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ ”
ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အဖွဲ့ချူပ်ရုံးခန်း ဆိုင်းဘုတ်တင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကနေ စတင်တည်ထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပြီး ပြည်တွင်းပြည်ပ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာမှာပါ ဩဇာတက္ကိမကြီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီပြန်လည် မှတ်ပုံတင်ပြီးတဲ့အခါ ပြန်လည်စုဖွဲ့မှုအရ ပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ခံခဲ့ရပြီးတဲ့နောက် ပထမဆုံး လူထုကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောဆိုခဲ့ပါတယ်။
“အရင်က ဆင်းရဲတာတော့ ပြီးခဲ့ပြီ။ အခုလည်း ဆင်းရဲတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါတွေကို ပြောင်းဖို့အတွက် ကျမတို့ နိုင်ငံရေးလုပ်နေတာ။ အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပုံသွင်းဖို့အတွက် ကျမတို့နိုင်ငံရေး လုပ်နေတာ ဖြစ်တယ်။ အဲလိုလုပ်နေတဲ့အခါမှာ ပြည်သူတွေပါဖို့ လိုပါတယ်။ ပြည်သူတွေပါမှ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ်ပုံသွင်းပြီးတော့ ပုံသွင်းတဲ့နေရာမှာ ပါဝင်နိုင်မှာပါ။ ကိုယ်မပါဘဲနဲ့ ကိုယ်လိုချင်တဲ့ပုံစံ ဖြစ်ချင်တယ်ဆိုရင် ဒါ လက်တွေ့ မကျပါဘူး။ ဒါကြောင့် ကျမတို့ပြည်သူတွေကို တတ်နိုင်သမျှ ပါဝင်ပြီးတော့ ကိုယ်လိုချင်တဲ့ နိုင်ငံတခု ဖြစ်အောင်လို့ ကူညီပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီး ဖြစ်ထွန်းလာတဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ရာမှာ အစိုးရက အာဏာမပေးတဲ့အပြင် အမျိုးမျိုးဖိနှိပ်တဲ့ ဒဏ်ကိုခံရတဲ့ သမိုင်းအတွေ့အကြုံ ရှိပါတယ်။
အခုလာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ် အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။
လတ်တလော လွှတ်တော် အသီးသီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်တွေက အများစုက လွှမ်းမိုးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းက မဲမပေးဘဲနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။