Homeမြန်မာသတင်း
ထိုင်းမှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမားတချို့ ကျန်းမာရေးအာမခံ မရ
ထိုင်းမှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမားတချို့ ကျန်းမာရေးအာမခံ မရ
DVB
·
January 11, 2012
ထိုင်းက မြန်မာအလုပ်သမားတွေဟာ နိုင်ငံသားစိစစ်ရေး လုပ်ပြီးမှ ကျန်းမာရေး အာမခံ မရှိတော့သူတွေ ဖြစ်သွားကြပါတယ်။
ထိုင်းနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ နှစ်လယ်ကနေ ဒီနှစ်အထိ ပူးပေါင်း ဆောင်ရွက်မှုတွေ အရ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား ၂ သန်းလောက်ထဲက ၇ သိန်းကျော်ဟာ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ထိုင်း ဥပဒေနဲ့ အညီ အလုပ်လုပ်ခွင့် ရထားကြပြီလို့ ထိုင်းအလုပ်သမားရေး ဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်အများစုဟာ သူတို့ရဲ့ အလုပ်သမားစာရင်းကို လူမှုဖူလုံရေး အာမခံဌာနမှာ စာရင်းသွား မတင်ပေးကြတဲ့ အတွက် အလုပ်သမား အများစု အခက်အခဲ တွေ့နေရပါတယ်။
HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက မြန်မာအလုပ်သမားရေးရာ တာဝန်ခံ တဦးဖြစ်သူ ဦးစိန်ဌေး ပြောပြတာက
“ပတ်စ်ပို့ရထားတဲ့ အလုပ်သမားအားလုံး ၇ သိန်းလောက် ရှိတဲ့အထဲမှာ ၅ သောင်းလောက်ပဲ စာရင်းဝင်သေးတဲ့ အခါကျတော့ ကျန်တဲ့ အလုပ်သမားတွေ ဘာခံစားခွင့်မှ မရှိဘူး။ နဂိုက ဘတ် ၃၀ ကုန်တဲ့ ကျန်းမာရေးအာမခံလည်း မရှိတော့ဘူး။ အဲလိုဖြစ်နေတယ် ပတ်စပို့ရပြီး တရားဝင် အလုပ်သမား ဖြစ်ပြီးခါမှပဲ ဘာအခွင့်အရေးမှ မရသလိုဖြစ်နေတယ်။ သူတို့ ဟာ လက်မှတ်မရှိတဲ့ လူတွေလိုပဲ။ ဆေးရုံကုန်ကျစရိတ်ကို ကိုယ့်ဘာသာ ကိုယ်ပဲ အကုန်ကျခံရတယ်။”
လက်ရှိ ထိုင်းအစိုးရ ဥပဒေအရ အလုပ်သမား လူမှုလုံခြုံရေး အာမခံအတွက် အလုပ်သမားရဲ့ လစာက ၅ ရာခိုင်နှုန်း၊ အလုပ်ရှင်က အဲဒီ ၅ရာခိုင်နှုန်းနဲ့ အညီ ပေါင်းထည့်ဝင်ပြီး အစိုးရက ၂.၇၅ ရာခိုင်နှုန်း ဖြည့်ဆည်းပေးရပါတယ်။
အလုပ်ရှင်တွေက မပေးချင်တဲ့အတွက် သူတို့ရဲ့ အလုပ်သမားစာရင်းကို အလုပ်သမား လူမှုလုံခြုံရေး အာမခံဌာနကို မပေးဘဲ ထားတာ ဖြစ်ပါတယ်။ ဒီအမှုမျိုး ရင်ဆိုင်ရတဲ့ အလုပ်သမားတိုင်းဟာ အလုပ်သမားရေးရာဌာနကို တိုင်ကြား တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်လို့လည်း ဆိုပါတယ်။
“အခုလက်ရှိ ဖြစ်နေတဲ့ပြသနာက အလုပ်ရှင်က မလျော်တာတွေ တာဝန်မယူတာတွေ။ အလုပ်ရှင်ကိုလိုက်ပြီး တရားစွဲနေရတဲ့အခါကျတော့ နှစ်ရှည်လများ ထိခိုက်ဒဏ်ရာ ရနေတဲ့လူတွေက အလုပ်လဲမလုပ်နိုင်ဘူး။ အမှုကလည်း နှစ်ရှည်လများ ရင်ဆိုင်ရမယ်ဆိုရင် နဂို လမ်းကြောင်းအတိုင်း ဖြစ်သွားမှာ ဘာမှမထူးဘူးလေ။ တရားစွဲတဲ့ဟာကလည်း နိုင်ဦးမှ။”