Home
မြန်မာသတင်း
လက်ရှိနှုန်းအတိုင်း အသတ်ခံနေရပါက လာမည့်နှစ် ၂၀ တွင် မြန်မာ့တောဆင် မျိုးသုဉ်းသွားမည်
DVB
·
March 30, 2017
လက်ရှိသတ်ဖြတ်ခံနေရတဲ့ နှုန်းအတိုင်း ဆက်ပြီး အသတ်ခံနေရမယ်ဆိုရင် နောက် အနှစ် ၂၀ မှာ မြန်မာ့တောဆင်တွေ မျိုးသုဉ်းကုန်မယ်လို့ ဆင်ထိန်းသိမ်းရေး လုပ်နေသူတွေက ပြောပါတယ်။  တောရိုင်းဆင် သတ်ဖြတ်ခံရတာဟာ နှစ်တိုင်း တိုးလာနေတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောဖူးပြီး ဖော်ထုတ်လို့ရတဲ့အမှုတွေအရ တစ်နှစ်မှာ အကောင်ရေ ၃၀ လောက် သတ်ဖြတ်ခံနေရတယ်လို့ သူက ပြောတာပါ။ ဆင်ထိန်းသိမ်းရေး လုပ်နေသူတွေကတော့ တနှစ်မှာ တောဆင်အကောင်ရေ ၁၀၀ လောက် သတ်ဖြတ်ခံနေရတယ်လို့ ခန့်မှန်းကြပြီး မျိုးသုဉ်းမှာ စိုးရိမ်နေကြပါတယ်။ ဆင်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ Smithsonian Institute ရဲ့ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးချစ်က “ကျနော်တို့ စလုပ်တဲ့ ၁၉၉၀ ဝန်းကျင်လောက်ကနေ ၉၈ လောက်အထိဆိုရင် တောဆင်ကောင်ရေ ၆ ထောင်ကျော် ၇ ထောင်လောက် အထိ မှန်းတယ်။ ဒါပေမယ့် အခုတော့ ၁၆၀၀ လောက်အထိပဲ ကျန်တော့တာကို တွေ့ရတယ်။ ကဲ... တွက်ကြည့်ရအောင်။ အကောင် ၁၆၀၀ လောက်ကျန်တယ်။ တနှစ်ကို အကောင် ၆၀ လောက် သတ်ခံရတယ်။ ဒီကြားထဲမှာ ထိန်းသိမ်းရေး မလုပ်ဘူးဆိုရင် နောက် ဆယ်စုနှစ် နှစ်ခု၊ သုံးခု လောက်မှာ တောဆင်ရိုင်းတွေဟာ ပျောက်သွားနိုင်တယ်” လို့ ပြောပါတယ်။ တောဆင်တွေ သေဆုံးတာရဲ့ ထက်ဝက်လောက်ဟာ ဆင်မုဆိုးတွေရဲ့ အသတ်ခံရတာကြောင့် ဖြစ်ပါတယ်။ သစ်တောဌာနရဲ့ စာရင်းအရ ဧရာဝတီတိုင်းမှာ အများဆုံး သတ်ခံရပြီး ပဲခူးတိုင်းကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအရှေ့ သစ်တောလုပ်ငန်းက လက်ထောက်မန်နေဂျာ (ဆင်ဆေးကု)ဒေါက်တာ ကျော်စိုးက “ပဲခူးတိုင်း အရှေ့မှာ ၂၀၁၃ ခုနှစ် ကနေ ၂၀၁၇ အထိ တရားမဝင် သတ်ခံရတာရော၊ သူ့ဟာသူ သေတာရော တွေ့ရတယ်။ ဘာကြောင့် သေလဲဆိုတာ စစ်ဆေးတော့ ၁၀ ကောင်လောက်က အသတ်ခံရပြီး အစွယ်ဖြတ်တာ၊ နှာမောင်းနဲ့ ကျန်တဲ့အင်္ဂါ အစိတ်အပိုင်းတွေ ဖြတ်သွားတာမျိုး တွေ့ရတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ကြိမ်နီ ဆင်စခန်းက ဆင်တကောင်ကို တူမီးကိုင်တဲ့ လူတွေက မောင်းယူသွားတာ ကြုံခဲ့ဖူးတယ်။ ကျနော်တို့ အင်အားနဲ့ လိုက်ကြလို့ ဆင်ကတော့ ပြန်ရတယ်” လို့ ပြောပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက ဆင်စွယ်တင်သွင်းတာ ပိတ်ထားပေမယ့် မြန်မာနိုင်ငံမှာ ဆင်သတ်ခံရတာ လျော့သွားဖို့ မရှိဘူးလို့ ထိန်းသိမ်းသူတွေက ပြောပါတယ်။ အရင်ကဆိုရင် အစွယ်ယူဖို့ပဲ သတ်ခဲ့ကြပေမယ့် အခုတော့ ဆင်တကောင်လုံးကို ရောင်းလို့ ရနေတဲ့အတွက် အစွယ်ရှိတဲ့ အကောင်တွေရော၊ မရှိတဲ့ အကောင်ပါ သတ်ခံနေရတာပါ။ ဦးအောင်မျိုးချစ်က “၉ ပေလောက်ရှိတဲ့ ဆင်ထီးတကောင်ဆိုရင် အရေခွံက ပိဿာ ၁၀၀ လောက်ရနိုင်တယ်။ အမဆိုရင် အချိန် ၇၀၊ ၈၀ လောက်ရနိုင်တယ်။ အဲဒါကြောင့် အခုတော့ အရေခွံကို အဓိကထားပြီး လိုက်တာ တွေ့ရတယ်” လို့ ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဆင်တွေ အထူးပြု ထိန်းသိမ်းတဲ့ သဘာဝနယ်မြေ ၆ ခု သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တောမြေတွေကို လူတွေက ချဲ့ထွင်လာတာကြောင့် လူနဲ့ ဆင် ပဋိပက္ခတွေ ပိုများလာပြီး ဆင်တွေ အသတ်ခံရတာလည်း ပိုများလာနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024