ကျောက်မဲတွင် လက်ဖက်ခူးရန်သွားသည့် ကလေးငယ်၂ ဦး မိုင်းနင်းမိ
DVB
·
March 30, 2017
ကျောက်မဲခရိုင်၊ ကော်ပေါင်းကျေးရွာမှာ မတ် ၂၉ ရက်နေ့ မနက်က ကလေး ၂ ဦး မိုင်းနင်းမိခဲ့ပါတယ်။
ဒဏ်ရာရသူ ကလေး ၂ ဦးကတော့ မောင်သိန်း (၁၁-နှစ်) နဲ့ မောင်လှဝင်း (၈-နှစ်) ပလောင်လူမျိုးတွေဖြစ်ကြပြီး မိခင် ဒေါ်မိခမိးနဲ့အတူ လက်ဖက်ခူးရန် အသွားမှာ ဖြစ်ပွားခဲ့တာပါ။
“သူတို့ မိသားစု ၃ ယောက် လက်ဖက်သွားခူးဖို့ လုပ်တာ။ လက်ဖက်ခြံကိုရောက်တော့ ကလေး ၂ ယောက်က ရှေ့ကနေ ပြေးတာပေါ့။ အဲဒါကို ကိုက် ၁၀၀ လောက် ရောက်တော့ မိုင်းတလုံး ပေါက်ကွဲပြီးတော့ ထိသွားတာပဲ။ ဒဏ်ရာကတော့ စိုးရမ်မှုမရှိပါဘူး" လို့ သွားရောက် ကူညီပို့ဆောင်ပေးတဲ့ ဇီဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။
ဒဏ်ရာရရှိသူ ကလေးငယ် ၂ ဦးကို ကျောက်မဲခရိုင် ပြည့်ဆေးရုံ ခွဲဆောင် အခန်း-၃၊ ခုတင်နံပါတ် ၇ နဲ့ ၈ မှာ ကုသနေတယ်လို့ သိရပါတယ်။
မိုင်းပေါက်ပွဲတဲ့ ကော်ပေါင်းကျေးရွာနေရာမှာ အဲဒီနေ့ကပဲ တပ်မတော်နဲ့ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သတင်း - နိုင်နိုင်