ကျောက်မဲတွင် တရက်တည်း ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်၊ ၁ ဦးသေ
DVB
·
March 29, 2017
ကျောက်မဲခရိုင်တွင် မတ်လ ၂၉ ရက်နေ့ တရက်တည်း ယာဉ်တိုက်မှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ပါတယ်။
“ဖြစ်တာက မနက် ၁၀ နာရီဝန်းကျင်မှာဖြစ်တာ။ တွဲကားက ရှေ့ကနေ တက်နေတာ။ နောက်က ထောက်လာဂျီ ၂ စီး ကပ်လိုက်လာတာ။ အဲဒါကို ပဇင်းခေါင်းအလွတ်ရောင်းဖို့ မောင်းလာတဲ့ နောက်ဆုံးထော်လာဂျီက ရှေ့က ထော်လာဂျီကို တိုက်လိုက်တော့ ကြားညှပ်သွားတာပေါ့” လို့ ဇီဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လုံကြိမ်ရွာနေသူ မကြည်ကြည်လှိုင် သေဆုံးသွားခဲ့ပြီး ၄ ဦးဒဏ်ရာရှိကာ ကျောက်မဲဆေးရုံကို ပို့ဆောင်ထားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဝင်တိုက်သူ ထော်လာဂျီပိုင်ရှင်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဂုတ်တွင်း ယာဉ်တိုက်မှုအပြီး တဆက်တည်း အလောင်းသယ်လာနေစဉ် ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်ပွားမှုဖြစ်ပွားခဲ့ပြီးအပြင် သီပေါမြို့နယ်၊ ဘော်ကြိုရွာမှာလည်း ပါဂျဲရိုတစီးကို နောက်ကားမှ ဘရိတ်ပေါက်ကာ ဝင်တိုက်မှုကြောင့် ပါဂျဲရိုမှာ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
သတင်း - နိုင်နိုင်