တာချီလိတ်ခရိုင်တွင် မိုးသက်လေပြင်းကျရောက်၊ နေအိမ်အချို့ ပျက်စီး
DVB
·
March 29, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ထဲက ကျေးရွာအချို့မှာ မတ်လ ၂၈ ရက် နံနက် ၅ နာရီလောက်က မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးထိမှန်တာကြောင့် နွား ၆ ကောင်သေဆုံးပြီး ၀န်ထမ်းနေအိမ်လိုင်းခန်း အမိုးတွေသွပ်လန်ခဲ့တယ်လို့ သိရပါတယ်။
ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စုက နမ့်ဝမ်း(၁)ကျေးရွာက ဦးကျနီရဲ့ နွားတင်းကုတ်ထဲက နွား ၆ ကောင်ဟာ မိုးကြိုးထိမှန်လို့ သေဆုံးခဲ့တာဖြစ်ပြီး နမ့်ကိုင်းကျေးရွာက ၀န်ထမ်းနေအိမ် လိုင်းခန်း ၆ ခန်းတွဲကတော့ သွပ်အမိုး အချပ် ၂၀ လောက် လေပြင်းတိုက်လို့ လွင့်ခဲ့တယ်လို့ သိရပါတယ်။
လေပြင်းမုန်တိုင်းတိုက်ခတ်မှုနဲ့ ပတ်သတ်ပြီး ကျိုင်းလပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် ကတော့ “နမ့်ကိုင်းကျေးရွာက သွပ်အမိုးလန်သွားတဲ့ ၀န်ထမ်းလိုင်းခန်းတွေကို ကျနော် အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေစုပေါင်းပြီး ပြင်ဆင်တာ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ လိုင်းခန်းမှာနေတဲ့ ၀န်ထမ်းတွေက ပညာရေးဝန်ထမ်းတွေဖြစ်လို့ ကျောင်းပိတ်ချိန်ခွင့်ပြန်နေချိန်နဲ့ကြုံလို့ လူမရှိပါဘူး ကျန်တဲ့သူတွေလည်း ထိခိုက်မှုမရှိပါဘူး။” လို့ပြောပါတယ်။
ကျိုင်းလပ်မြို့နယ်အတွင်း ၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့တာကြောင့် လူ ၄ ဦးရေထဲမျှော်ပါခဲ့ပြီး ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- တာချီလိတ် ခရိုင်ပြန်ဆက်