Home
မြန်မာသတင်း
ကချင်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲအားရစရာကောင်းဟု ဂွန်မော်ပြော
DVB
·
March 28, 2017
  ကချင်လူထုခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့တွေ့ဆုံပွဲ အားရစရာကောင်းတယ်၊ လက်ခံနိုင်တဲ့ အနေအထားရောက်ရင် အန်စီအေလက်မှတ်ထိုးမယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)  ခေါင်းဆောင်တဦးဖြစ်တဲ့  စစ်ဦးစီးချုပ်  ဗိုလ်ချုပ် ဂွန်မော်ကပြောပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လူထုခေါင်းဆောင်တွေ  မနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်က “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်လူထု ခေါင်းဆောင်များတွေဆုံရာမှာ တင်ပြဆွေးနွေးသူတွေဘက်ကရော အတိုင်ပင်ခံပုဂ္ဂိုလ် ဘက်က ပြန်ပြီးရှင်းပြတာ တွေကြားရတာ နှစ်ဖက်စလုံးက စေတနာပါလို့ အားရကောင်းပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေထဲမှာ ဘဝင်မကျစရာ နှစ်ချက်တော့ပါတယ်လို့ ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။ “အန်စီအေ လက်မှတ်ရေးထိုးရေးဆိုတာ ကေအိုင်အိုကလည်း လက်ခံထားပြီးသား ဖြစ်ပါတယ် လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်တော့ အန်စီအေကို အပြီးသတ်မဆွေးနွေးနိုင်သေး လို့ ဆက်ပြီးဆွေးနွေးနေရတဲ့ အနေအထားဖြစ်ပြီး  လက်ခံနိုင်တဲ့အနေအထား ရောက်ရင် အန်စီအေ လက်မှတ်ရေးထိုးမယ်လို့ ပြောခဲ့တာပါ။ လက်မှတ်ထိုးဖို့ လက်ခံထားပြီးတာမျိုး မဟုတ်ပါဘူး။ ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေအားလုံး မပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့ မရဘူးလို့ ပြောပါတယ်။ ဒီလိုပြောတယ်ဆိုရင် ပင်လုံရဲ့ အနှစ်သာရကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။” ဒီတွေ့ဆုံပွဲမှာ ကချင်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ကချင်ဘာသာရေးခေါင်းဆောင်တွေနဲ့ ကချင်အတိုင်ပင်ခံအဖွဲ့တွေ အပါအ၀င် အားလုံး လူ ၃၀ ကျော်တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024