ကိုယ်ထူကိုယ်ထ နာရေးကူညီလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးက သိမ်း
နေသွင်
·
January 10, 2012
နာရေး အကူအညီပေးရေးအတွက် ကိုယ်ထူကိုယ်ထ ဖွဲ့ထားတဲ့ အဖွဲ့ကို ရပ်ကွက် အာဏာပိုင်က ဖျက်သိမ်းလိုက်ပြီး လုပ်ငန်းပိုင် ပစ္စည်းတွေကိုလည်း အကြောင်းပြချက် မပေးဘဲ သိမ်းယူလိုက်တဲ့အတွက် ရပ်ကွက်သားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။
ရန်ကုန် တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က နာရေးအကူအညီပေးရေး လုပ်ငန်းတွေကို ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စုဆောင်းငွေနဲ့ လွန်ခဲ့တဲ့ တနှစ်ကျော်က ထူထောင်ခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ လပိုင်းက သိမ်းယူခဲ့တာပါ။
နဂိုက အကူအညီပေးရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ရွေးချယ်ထားတဲ့ ၁၈ ဦးပါ အဖွဲ့ကိုလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖျက်သိမ်းလိုက်တယ်လို့ အဲဒီ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုညီညီက ပြောပါတယ်။
“နာရေးကူညီမှုအသင်းရဲ့ လက်ရှိ ၁၈ ဦး အဖွဲ့ဝင်အဟောင်းတွေက ခုဘာမှလည်း မလုပ်ပေးနိုင်တော့ဘူး။ အဲ့တော့ ကျနော်တို့က ဒီမိုကရေစီနည်း အရပေါ့။ ပထမ ၁၈ ဦးကိုလည်း အများကဝိုင်းပြီး သဘောတူချက်အရ တင်ထားတာပေါ့။ နာရေးကူညီမှု အသင်းဖွဲ့ဖို့အတွက်။ အဲ့တော့ အဖွဲ့ဝင် အသစ်တွေက ဒီ ၁၈ ဦး ဖွဲ့ထားတာကို လုယူတယ်။ အဲ့တော့ အသစ်ရော အဟောင်းရော တပြေးတည်း ၁၉ ရပ်ကွက် ပြည်သူတွေရဲ့ ဆန္ဒတွေကို ခံယူပြီးတော့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ အကြံပေးခဲ့ပါတယ်။ အဲ့ဒါကိုလည်း ရပ်ကွက်အုပ်ချူပ်ရေးမှူး အပါအဝင် လက်အောက်ခံ စာရေးပေါ့။ သူတို့က ဒါကို ကန့်ကွက်ပြီးတော့ သူတို့ပဲ ဆက်လက်ပြီးတော့ အုပ်ချူပ်သွားတယ်။”
ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က သိမ်းလိုက်တဲ့ ပစ္စည်းတွေမှာ နာရေးကူညီမှု လုပ်ငန်းမှာ သုံးဖို့ ရပ်ကွက်ရန်ပုံငွေနဲ့ ဝယ်ယူထားတဲ့ အိုးခွက်ပန်းကန်၊ မီးစက်၊ စတဲ့ ပစ္စည်းတန်ဖိုး သိန်း ၃၀ နီးပါးရှိတယ်လို့ သိရပါတယ်။