လစ်လပ်နေသည့် နယ်သာလန်နည်းပြရာထူးအတွက် လူးဝစ္စဗန်ဂါး ကူညီရှာဖွေနေ

ဓာတ်ပုံ - ရိုက်တာ
633
မန်ယူနဲ့ နယ်သာလန်အသင်း နည်းပြဟောင်း လူးဝစ္စဗန်ဂါးက လစ်လပ်နေတဲ့ နယ်သာလန် နည်းပြရာထူးအတွက် ကူညီရှာဖွေပေးနေပါတယ်။
ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်ထားတဲ့ နည်းပြ ဒန်နီဘလင်းရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ နည်းပြသစ် ရှာဖွေနေတာပါ။
လောလောဆယ်မှာတော့ နယ်သာလန်နည်းပြ ရာထူးနေရာအတွက် အေဂျက်အသင်း နည်းပြ ဖရန့်ဒီဘိုးဝါးနဲ့ နည်းပြဟောင်း ဂုဟစ်ဒစ်တို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
နယ်သာလန်အသင်းဟာ နည်းပြ ဘလင်း တာဝန်ယူတဲ့ လပေါင်း ၂၀ အတွင်း ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်ခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက်လည်း ရုန်းကန်နေရပါတယ်။
မတ်လ ၂၅ ရက်နေ့က ခြေစစ်ပွဲစဉ်မှာ ဘူလ်ဂေးရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျောကျသွားခဲ့ပါတယ်။
ဒတ်ခ်ျလူမျိုးတယောက်ဖြစ်တဲ့ အဲဗာတန်နည်းပြ ကိုးမန်းကတော့ နယ်သာလန်နည်းပြ ရာထူးအတွက် လုပ်နိုင်မှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။