ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားရောက်ရှိ၊ ကချင်အဖွဲ့အစည်းများကိုတွေ့ဆုံ (ရုပ်သံ)

  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို  အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုခဲ့တဲ့  ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက “ ကျနော်တို့ ဒီ ၈း၃၀ မှာ မြစ်ကြီးနားကို ရောက်ပါတယ်။ အဲဒီကနေ သူတို့ ဆွေးနွေးမယ့် မြစ်ကြီးနားတက္ကသိုလ်ရှေ့နားလေးမှာ ရောက်ပြီးတော့ ဆွေးနွေးနေကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့အတူ ကျနော် တွေ့လိုက်တာကတော့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေတို့ လည်း ပါလာတယ်။ နောက် ငြိမ်းချမ်းရေးအဖွဲ့တွေလည်း တော်တော်များများ ပါလာကြပါတယ်” လို့ ပြောပါတယ်။ ခရီးစဉ်မှာ မြစ်ကြီးနားက ကချင်အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်းက ခပ်ချိုကျေးရွာက စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို သွားရောက်ဖို့ရှိတယ်လို့ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စအတွက် အဓိကလိုအပ်နေတဲ့ အရင်းအမြစ်ကိစ္စအတွက် လာရောက်တာလို့ လည်း ဦးတင်စိုးက ပြောပါတယ်။ ဒီခရီးစဉ်အတွက် လုံခြုံရေးတင်းကျပ်ထားပြီး  ပါတီဝင်လူထုကလည်း လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ရုပ်သံ - သင်းသင်းနွယ်

More News
Up