စစ်အင်အားပြ သြဇာသက်ရောက်အောင် ဖိအားပေးတာ နိဂုံးချုပ်အောင်လုပ်မည်
DVB
·
March 27, 2017
အမျိုးသားရေးနဲ့ တိုင်းရင်းသားအရေးမှာ စစ်အင်အားနဲ့ သြဇာသက်ရောက်အောင် ဖိအားပေးလေ့ရှိတာကို နိဂုံးချုပ်အောင် လုပ်ပေးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာပါတယ်။
ဒီကနေ့မနက် ပါတီရုံးချုပ်မှာ ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ အတွေ့အကြုံ အမြော်အမြင်ရင့်ကျက်တဲ့ ခေါင်းဆောင်မှု အဆင့်ဆင့်နဲ့ ထောက်ခံမှုအားကောင်းတဲ့ ပြည်သူလူထုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မွန်မြတ်သော အင်အားများမှ တရားမျှတမှုအတွက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းဆိုင်ရာ အပြုသဘောဆောင်သော တည်ဆောက်ရေး အမြင်များကို ရရှိခဲ့ပါသည်။ အမျိုးသားရေး၊ တိုင်းရင်းသားမျိုးနွယ်စုအရေးများတွင် စစ်အင်အားဖြင့် သြဇာသက်ရောက်အောင် ဖိအားပေးလေ့ရှိသည့် ရွေးချယ်မှုမျိုးကိုလည်း နိဂုံးချုပ်အောင် ဆောင်ကြဉ်းပေးကြပါလိမ့်မည်။”
ဒါ့အပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့သာ ပြည်တွင်း ငြိမ်းချမ်းရေး အာမခံနိုင်မယ်၊ ပြည်သူလူထုရဲ့ ဇွဲလုံ့လနဲ့ မျှော်လင့်ချက်တွေကြောင့်ရရှိခဲ့တဲ့ အောင်ပွဲအပေါ် သစ္စာရှိသောအားဖြင့် အဖွဲ့ချုပ်အနေနဲ့ ရည်မှန်းချက်ပန်းတိုင်မှ အာရုံပြောင်းသွားမှာမဟုတ်သလို လွဲမှားတဲ့ သွေဖည်မှုတွေဆီ ယိမ်းယိုင်သွားမှာမဟုတ်ဘူးလို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ဒီကနေ့မနက်ပိုင်းက ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ရာမှာ အဖွဲ့ချုပ်နာယက ဦးတင်ဦး အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။