Home
မြန်မာသတင်း
တကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ
အေးနိုင်
·
January 10, 2012
ရန်ကုန်တိုင်း ဒဂုံတောင်ပိုင်းမြို့နယ်က ပျက်စီးယိုယွင်းနေတဲ့ လမ်းပြုပြင်ပေးဖို့ အပါအ၀င် အချက် ၆ ချက်ကို နိုင်ငံတော်သမ္မတထံ ငြိမ်းချမ်းစွာ လမ်းလျှောက်တောင်းဆို ဆန္ဒပြသူ တဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒထုတ်ဖော်သူဟာ အသက် ၆၁ နှစ်အရွယ် ဦးစိုးကြွယ်ဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်း ၇၁ ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်မှာ ​တောင်းဆိုချက် ၆ ရပ် ရေးထားတဲ့ ပိုစတာကို လက်မှာကိုင်စွဲပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်စဉ်မှာ အသင့်စောင့်နေတဲ့ ရဲက ကားနဲ့ ခေါ်သွားတာလို့ ဦးစိုးကြွယ်ရဲ့သား ကိုညီညီမင်းက ပြောပါတယ်။ အဲဒီလမ်းဟာ လမ်းဆိုးဝါးနေလို့ ယာဉ် အချင်းချင်းတိုက်မှု၊ ယာဉ်က လူကို တိုက်မှု စတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို တကိုယ်တော် ဆန္ဒမပြခင် သမ္မတထံ နှစ်ကြိမ် စာရေးသား ပန်ကြားခဲ့သေးတယ်လို့ ဆိုပါတယ်။ သူ့တောင်းဆိုချက် ၆ ချက်ကတော့ ဒဂုံမြို့သစ်က အဓိက လမ်းမကြီးတွေကို အမြန်ဆုံးပြုပြင်ပေးဖို့၊ လမ်းပြင်ဖို့ ငွေကောက်ခံပြီး မလုပ်ပေးသူတွေကို အရေးယူပေးဖို့၊ မြို့နယ်တွင်း အကျင့်ပျက် ခြစားမှုတွေ တိုင်ထားတဲ့အပေါ် အရေးယူပေးဖို့၊ ပြည်ခိုင်ဖြိုးပါတီက ဦးစီးလုပ်တဲ့ ရေပေးဝေရေးမှာ ရေလာစေဖို့နဲ့ ရပ်ကွက်တွင်း လမ်းတွေ ၂၄ နာရီ မီးလင်းဖို့ ဆိုတာတွေ ဖြစ်ပါတယ်။ တကိုယ်တော် ချီတက် တောင်းဆိုနေတဲ့ ဦးစိုးကြွယ်ကို အသင့် စောင့်ဆိုင်းနေတဲ့ ရဲကဖမ်းပြီး ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းကို ခေါ်ဆောင် သွားတယ်လို့ ကိုညီညီမင်းက ဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024