တောင်ကိုရီးယားသမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်မည်ဟု အစိုးရရှေ့နေများ ပြော

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို အဂတိလိုက်စားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဝရမ်းထုတ်မယ်လို့ အစိုးရရှေ့နေတွေက ဒီနေ့ ပြောဆိုပါတယ်။ အခုလအစောပိုင်းက သမ္မတအပေါ် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို အခြေခံဥပဒေခုံရုံးက အတည်ပြုပေးခဲ့အပြီး သမ္မတဟောင်း ပတ်ဂွန်ဟေးလည်း ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ ပတ်ဂွန်ဟေးဟာ သူ့ရဲ့အရင်းနှီးဆုံး အမျိုးသမီးမိတ်ဆွေကတဆင့် တောင်ကိုရီးယား ကုမ္ပဏီကြီးတွေဆီက လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံရပေမယ့် သူကတော့ ငြင်းဆန်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ပတ်ဂွန်ဟေးကို အဂတိလိုက်စားမှုနဲ့ ၁၄ နာရီကြာ စစ်ဆေးကြားနာမှု မဝင်ခင် သူ လူထုရဲ့ လိုလားချက်၊ မျှော်လင့်ချက်တွေကို အပြည့်အဝ မထမ်းဆောင်နိုင်ခဲ့တာအတွက် တောင်းပန်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ ဥပဒေကြောင်းအရ အားလုံး ကိုက်ညီမှုရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။ အခုတော့ သမ္မတဟောင်းရဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေရော၊ အဲ့ဒီသမ္မတမိတ်ဆွေကို လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဆမ်းဆောင် Sumsung အီလက်ထရောနစ်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌရော ဖမ်းဆီးစစ်ဆေးခံနေရပြီ ဖြစ်ပါတယ်။ သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့လုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုကို အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ အခုလ ၁၀ ရက်နေ့က အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up