အမေရိကန် နိုက်ကလပ် ပစ်ခတ်မှု ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် စင်စင်နတီမြို့က နိုက်ကလပ်တစ်ခုမှာ မတ်လ ၂၆ ရက်နေ့ မနက်အစောပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့လို့ လူ ၁ ဦး သေဆုံးပြီး လူ ၁၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရဲတွေက ပြောကြောင်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ ပစ်ခတ်မှုက ကမ်မီရိုနိုက်ကလပ်ဘ်မှာ မနက် ၁ နာရီထိုးပြီးချိန်မှာ ဖြစ်ခဲ့ပြီး လူတော်တော်များ ဆေးရုံမှာ ကုသနေရတယ်လို့ ရာဇဝတ်မှု ရဲအရာရှိ အီရစ်ဖရန်ဇ်က ပြောပါတယ်။ ရဲတွေ ဘယ်သူ့ကိုမှ ဖမ်းမမိသေးပဲ မျက်မြင်သက်သေတွေကိုတော့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပစ်ခတ်သူ တစ်ယောက်ထက်ပိုတယ်လို့ ထင်မြင်ကြောင်း ရဲအရာရှိ ဖရန်ဇ်က ပြောပါတယ်။ ဘာလို့ပစ်ခတ်ရလဲဆိုတာကို မသိလို့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုရှိလားဆိုတာ ပြောမရသေးဘူးလို့ ရဲအရာရှိကပြောတာပါ။ ကမ်မီရိုနိုက်ကလပ်ဘ်ကလည်း လုံခြုံရေး ပိုမို ရရှိဖို့ ရဲအရာရှိတွေကို ငှားရမ်းထားတယ်လို့ ဆိုပါတယ် ရဲအရာရှိ ၂ ဦး နိုက်ကလပ်ဘ်ရဲ့ အဝင်ပေါက်မှာ ရှိနေပြီး နောက် ၂ ဦးကတော့ ကားရပ်နားရာ နေရာတွေမှာ ရှိတယ်လို့ ရဲအရာရှိဖရန်ဇ်က ပြောပါတယ်။ သေနတ်ပစ်ခံရသူတော်တော်များများ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေ ရရှိတယ်လို့ လက်ထောက်ရဲချုပ် ပေါလ်က ပြောလိုက်ပါတယ်။ “နိုက်ကလပ်ဘ်မှာ တော်တော်များများ သေနတ်ပစ်ခံရလို့ လောလောဆယ် အရမ်းအခြေအနေဆိုးတဲ့ အနေအထားမှာရှိတယ် ” လို့ လက်ထောက်ရဲချုပ်က ပြောတာပါ။ စုံစမ်းမှုတွေလုပ်နေပြီး “တော်တော်ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ ရာဇဝတ်မှုပဲ” လို့ လက်ထောက်ရဲချုပ်က မှတ်ချက်ပေးပါတယ်။ သေနတ်စပစ်ချိန်မှာ တော်တော်များများက ထွက်ပြေးသွားလို့ ရဲတွေက မျက်မြင်သက်သေ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ “သက်သေတော်တော်များများက ထွက်ပြေးသွားတယ်လေ၊ ဒါပေမယ့် ကျနော်တို့ မှတ်မိသမျှကိုတော့ မေးမြန်းမှုတွေ လုပ်နေပါတယ်” လို့ ရဲအရာရှိက ဆက်ပြောပါတယ်။ အချို့ဒဏ်ရာရရှိသူတွေက အဲ့ဒီနယ်မြေဆေးရုံကို ကိုယ်တိုင် ကားမောင်းသွားကြတယ်လို့ ရဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up