Homeမြန်မာသတင်း
၂၁ ရာစု ခေတ်သစ်စစ်ပွဲ ဆင်နွှဲနိုင်သည့် တပ်မတော်ဖြစ်အောင် ကြိုးစားရန် ကာချုပ်တိုက်တွန်း
၂၁ ရာစု ခေတ်သစ်စစ်ပွဲ ဆင်နွှဲနိုင်သည့် တပ်မတော်ဖြစ်အောင် ကြိုးစားရန် ကာချုပ်တိုက်တွန်း
DVB
·
March 27, 2017
၂၁ ရာစု စစ်မြေပြင်မှာ နည်းပညာသာလွန်တဲ့ တပ်မတော်ကသာ စစ်ပွဲကို အောင်မြင်မှာဖြစ်တဲ့အတွက် ၂၁ ရာစု ခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ တိုက်တွန်းပြောသွားပါတယ်။
တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာလည်း ချမှတ်ထားတဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နဲ့အတူ အစိုးရရဲ့ ဦးဆောင်မှုမှာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် ကာကွယ်ရေးနဲ့ ဘက်စုံ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် စွမ်းရည်ထက်မြက်တဲ့ တပ်မတော်အဖြစ် တည်ဆောက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသမီး စစ်သည်တွေ အပါအဝင် ကြည်း၊ ရေ၊ လေ က စစ်သည်အင်အား ၇ ထောင်ကျော်နဲ့ ချီတက် စစ်ရေးပြခဲ့ပါတယ်။ ဒီနှစ် ထူးခြားမှုအနေနဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ၊ မြင်းတပ်ဖွဲ့တွေ စစ်ရေးပြတာတွေလည်း ပါဝင်ခဲ့ပါတယ်။